အမေရိကန်ဘက် တစ်ဇွတ်ထိုး သူ့နည်းသူဟန်ဖြင့် လုပ်ဆောင်မည်ဆိုပါက တရုတ်နိုင်ငံအနေဖြင့် အားကောင်းသည့် တန်ပြန်ပိတ်ဆို့မှုများ ဆောင်ရွက်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

2022-03-18 16:59:37 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား မတ် ၁၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ယခုကာလများတွင် အမေရိကန်က တရုတ်ကိုဦးတည်ကာ ရန်လိုရန်စသည့်ပြောဆိုမှု များစွာ ထုတ်ပြန်ခဲ့ရာ ၎င်းမှာ အမေရိကန်၏ အမြစ်တွယ်နေသည့် စစ်အေးတိုက်ပွဲ သူနိုင်ကိုယ်နိုင် အတွေးအခေါ် နှင့် အုပ်စုဖွဲ့ ထိတ်တိုက်ရင်ဆိုင်မှု အတွေးအမြင်များကို ပေါ်လွင်စေကြောင်း၊ တရုတ်နိုင်ငံ၏ တရားဝင်အခွင့်အရေးနှင့်အကျိုးစီးပွားကို မည်သည့်နည်းလမ်းနှင့်မျှ ထိခိုက်အောင် ဆောင်ရွက်ခွင့်ပြုမည်မဟုတ်သလို “အမေရိကန်ဘက်က တစ်ဇွက်ထိုး သူ့နည်းသူ့ဟန်ဖြင့်လုပ်ဆောင်မည်ဆိုပါက တရုတ်နိုင်ငံက အားကောင်းသည့် တန်ပြန်ပိတ်ဆို့မှုများ ပြုလုပ်သွားမည်”ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယူကရိန်းအရေး မေးမြန်းမှုများကို မတ် ၁၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန် အိမ်ဖြူတော် ပြန်ကြားရေးအတွင်းရေးမှူး Jen Psakက တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှု တရုတ်၏ရပ်တည်ချက်ကို အမေရိကန်က ပြောင်းလဲအောင် ပြောကြားခြင်းမဟုတ်ဘဲ ရုရှား၏ကျူးကျော်မှုကို ထောက်ခံလျှင် မည်သို့သော ဆိုးကျိုး ရင်ဆိုင်ရမည်ကို ပြောကြားခြင်း ဖြစ်ကြောင်း ၊ တရုတ်-ရုရှား စီးပွားရေး ပေါင်းစည်းလိုက်ပါက ကမ္ဘာ့စီးပွားရေး စုစုပေါင်း ပမာဏ၏ ၂၅ ရာခိုင်နှုန်းသာ ရှိပြီး G7က ၅၀ ရာခိုင်နှုန်းနှင့်အထက်တွင် ရှိကြောင်း၊ အမေရိကန်၏သတိပေးချက်ကို တရုတ်က မျက်ကွယ်ပြုကာ စီးပွားရေးပိတ်ဆို့မှု၌ ရုရှားကို ကူညီသည့်တိုင်အောင် အမေရိကန်တွင် နည်းလမ်းများစွာရှိဆဲဖြစ်ပြီး ဥရောပမိတ်ဖက်များနှင့် ညှိနှိုင်းဆောင်ရွက်၍ရကြောင်း ပြောကြားခဲ့သည်ကို ကျောက်လိကျန်းက ဥပမာပေး တုန့်ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အမေရိကန်ရဲ့ ဒီပြောကြားချက်တွေက ပြောင်ပြောင်တင်းတင်း အနိုင်ကျင့်ဗိုလ်ကျ ခြိမ်းခြောက်ခြင်းဖြစ်ပြီး အမေရိကန်အစိုးရရဲ့အမြစ်တွယ်နေတဲ့ စစ်အေးတိုက်ပွဲ သူနိုင်ကိုယ်နိုင် အတွေးအခေါ်နဲ့ အုပ်စုဖွဲထိတ်တိုက်ရင်ဆိုင်ခြင်းအတွေးအမြင်တွေကို ပေါ်လွင်စေတယ်။ ဒါက အမေရိကန်ပြောနေတဲ့ ‘အားအင်မှတစ်ဆင့်’ ဆိုတဲ့ ဒဿနရဲ့ နောက်ထပ်ထုတ်ကုန်တစ်ခုဖြစ်တယ်”ဟု ကျောက်လိကျန်းက ဆိုသည်။

ယူကရိန်းအရေးတွင် တရုတ်နိုင်ငံသည် အစဉ်အမြဲ မှန်ကန်မျှတမှုကိုအခြေခံပြီး ကိစ္စရပ်၏အမှားအမှန် ဖြစ်ပျက်ပုံအရ သီးခြားလွတ်လပ်စွာ မိမိဘာသာ ဆုံးဖြတ် ပြောကြားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ တရုတ်နိုင်ငံက တွေ့ဆုံဆွေးနွေးမှုဖြင့် အခြေအနေ ပြန်အေးလာအောင် တွန်းအားပေးရန် အစဉ် တိုက်တွန်းနှိုးဆော်ထားသလို လက်ရှိအကျပ်အတည်း ဖြေရှင်းရေးအတွက် အဆိုပြုချက်များ ထုတ်ဖော်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ၏ကြိုးပမ်းမှုကို ပယ်ဖျက်ခြင်း၊ တရုတ်နိုင်ငံ၏သဘောဆန္ဒကို ပုံပြောင်းခြင်း၊ သတင်းအတုများဖြန့်ချိ၍ အိုးမည်းသုတ်ခြင်း အပြုအမူအားလုံးသည် တာဝန်ယူမှုမရှိသော သိက္ခာမဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ပိတ်ဆို့အရေးယူမှုသည် မည်သည့်အခါကမျှ ပြဿနာဖြေရှင်းသော ထိရောက်သည့် နည်းလမ်း မဟုတ်ကြောင်း ကျောက်လိကျန်းက အလေးထား ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်၏ တစ်ဖက်သတ် ပိတ်ဆို့အရေးယူခြင်းနှင့် “လက်တံရှည်လှမ်း စီမံခြင်း”မည်သည့်ပုံစံမျိုးကို မဆို ကန့်ကွက်ကြောင်း၊ တရုတ်နိုင်ငံ၏လုပ်ငန်းနှင့်လူပုဂ္ဂိုလ်တို့၏ တရားဝင်အခွင့်အရေးနှင့်အကျိုးစီးပွားကို ခိုင်မာစွာ ကာကွယ်သွားမည် ဖြစ်ကြောင်း ဆိုသည်။

“တရုတ်နိုင်ငံကို အမေရိကန်က တစ်ဖက်ကနေ ပူးပေါင်းထောက်ခံပေးဖို့ တောင်းဆိုထားသလို တစ်ဖက်က ပိတ်ဆို့အရေးယူမယ်ဆိုတဲ့တုတ်ရှည်ကြီးရမ်းနေတာက အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဘယ်လိုပုံစံနဲ့မှ တရုတ်ရဲ့ တရားဝင်အခွင့်အလမ်းနဲ့အကျိုးစီးပွားကို ထိခိုက်လို့မရဘူးဆိုတာ ကျွန်တော်တို့ တိုက်တွန်းထားတယ်။ အကယ်၍ အမေရိကန်ဘက်က တစ်ဇွတ်ထိုး သူ့နည်းသူ့ဟန်နဲ့ လုပ်ဆောင်မယ်ဆိုပါက တရုတ်နိုင်ငံအနေနဲ့ အားကောင်းတဲ့ တန်ပြန်ပိတ်ဆို့မှုတွေ မဖြစ်မနေ ဆောင်ရွက်သွားမှာ ဖြစ်တယ်”ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။။ (Xinhua)