တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့ ပွင့်ပွင်းလင်းလင်း နက်နက်ရှိုင်ရှိုင်း အမြင်ချင်းဖလှယ်ဆွေးနွေ

2022-03-21 17:02:56 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့ မတ် ၁၈ ရက်က ဗီဒီယိုမှတစ်ဆင့် တွေ့ဆုံနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မတ် ၁၈ ရက်နှောင်းပိုင်းက အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်၏ ဖုန်းခေါ်ဆိုမှုကို လက်ခံပြောကြားခဲ့သည်။ နှစ်နိုင်ငံ သမ္မတများသည် တရုတ်-အမေရိကန် ဆက်ဆံရေး၊ ယူကရိန်းနိုင်ငံအခြေအနေနှင့် အခြား အပြန်အလှန်အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအပေါ် ပွင့်ပွင့်လင်းလင်း၊ နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။လွန်ခဲ့သော နှစ်ပေါင်း ၅၀ အကြာက အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ရှန်ဟိုင်းသဘောတူစာချုပ်ကို ထုတ်ပြန်ခြင်းဖြင့် အရေးပါသောရွေးချယ်မှုကို ပြုလုပ်ခဲ့ကြကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က ပြောခဲ့သည်။ နှစ်ပေါင်း ၅၀ ကြာပြီးနောက် အမေရိကန်-တရုတ် ဆက်ဆံရေးမှာ အရေးပါသောအချိန်ကာလသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့သည်။ ဤဆက်ဆံရေးဖြစ်ပေါ်မှုများက ၂၁ ရာစုတွင် ကမ္ဘာကြီးကို မည်သို့ပုံဖော်သွားမည်နည်း။

အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် စစ်အေးတိုက်ပွဲအသစ်ဆင်နွှဲရန် ရှာဖွေမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ၏ စနစ်ကို ပြောင်းလဲရန် ရည်ရွယ်ထားခြင်းမရှိကြောင်း၊ မဟာမိတ်များ၏ တက်ကြွလှုပ်ရှားလာခြင်းသည် တရုတ်နိုင်ငံအား ပစ်မှတ်ထားခြင်းမဟုတ်ကြောင်း၊ အမေရိကန်က “ထိုင်ဝမ်ခွဲထွက်ရေး” ကို ထောက်ခံခြင်းမရှိကြောင်းနှင့် တရုတ်နိုင်ငံနှင့် ပဋိပက္ခဖြစ်ပွားရန် ရည်ရွယ်ထားခြင်းလည်း မရှိကြောင်း ၎င်းက ထပ်လောင်း‌ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပွင့်လင်းသော ဆွေးနွေးညှိနှိုင်းမှုနှင့် နီးကပ်သော ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန် အသင့်ရှိကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက်မှတ်ယူထားကြောင်းနှင့် ဆက်ဆံရေး တည်ငြိမ်စွာတိုးတက်မှုရှိစေရန် ယှဉ်ပြိုင်မှုနှင့် သဘောမတူညီမှုများကို ထိရောက်စွာ စီမံခန့်ခွဲရန် အသင့်ရှိကြောင်း သမ္မတ ဘိုင်ဒန်က ပြောကြားခဲ့သည်။

အမေရိကန်-တရုတ် ဆက်ဆံရေးအတွက် လမ်းကြောင်းချမှတ်ရန် သမ္မတ ရှီနှင့် အနီးကပ်ဆောင်ရွက်သွားရန်လည်း အသင့်ရှိကြောင်း ၎င်းက ဆိုသည်။

လွန်ခဲ့သောနိုဝင်ဘာလက ၎င်းတို့ကြား ပထမဆုံး အွန်လိုင်းတွေ့ဆုံမှုမှစ၍ နိုင်ငံတကာ အခင်းအကျင်းတွင် အဓိက ဖွံ့ဖြိုးတိုးတက်မှုအသစ်များ ကြုံတွေ့ခဲ့ကြောင်း မှတ်ချက်ပြုလျက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ရေစီးကြောင်းက အရေးပါသော စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြောင်းနှင့် ကမ္ဘာကြီးသည် အေးချမ်းမှုရော တည်ငြိမ်မှုပါ မရှိကြောင်း ရှီက ပြောခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များဖြစ်သလို ကမ္ဘာ့ဦးဆောင်စီးပွားရေးနိုင်ငံများ ဖြစ်သည့်အလျောက် တရုတ်နှင့် အမေရိကန်တို့သည် ၎င်းတို့၏ ဆက်ဆံရေးအား မှန်ကန်သောလမ်းကြောင်းတစ်လျှောက် ရှေ့ဆက်လမ်းညွှန်ပြရန်သာမက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာတူညီမျှရှိရေးအတွက် နိုင်ငံတကာဆိုင်ရာ တာဝန်ဝတ္တရားများနှင့် လုပ်ငန်းဆောင်တာ မျှဝေမှုကိုလည်းပဲ ထမ်းဆောင်ရမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့က တစ်နိုင်ငံနှင့် တစ်နိုင်ငံ လေးစားမှုရှိရန်၊ ငြိမ်းချမ်းမှု အတူယှဉ်တွဲနေထိုင်ရန်နှင့် ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားရန် လိုအပ်ကြောင်းနှင့် အဆင့်များအားလုံးနှင့် နယ်ပယ်များအားလုံး၌ ဆက်ဆံရေးနှင့် ဆွေးနွေးမှုကို တိုးမြှင့်သွားသင့်ကြောင်း ရှီက အလေးထားပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် စစ်အေးတိုက်ပွဲဆင်နွှဲရန်၊ တရုတ်နိုင်ငံ၏ စနစ်ကိုပြောင်းလဲရန် သို့မဟုတ် တရုတ်နိုင်ငံအား ဆန့်ကျင်သော မဟာမိတ်များကို တက်ကြွနိုးကြားမှုရှိစေရန် လုပ်ဆောင်မည်မဟုတ်ကြောင်းနှင့် “ထိုင်ဝမ်ခွဲထွက်ရေး” ကို ထောက်ခံမည်မဟုတ်သလို တရုတ်နှင့် ပဋိပက္ခဖြစ်ပွားရန်လည်း ရည်ရွယ်ချက်မရှိကြောင်းကို သမ္မတ ဘိုင်ဒန်က ထပ်လောင်းပြောကြားခဲ့ကြောင်း ရှီက ဆိုသည်။ “ဒီမှတ်ချက်တွေကို ကျွန်တော် အလွန်အလေးအနက်ထားမှတ်သားထားပါတယ်”

ယခင်အမေရိကန်အစိုးရက ဖန်တီးခဲ့သော ပြဿနာမှ ကျော်လွန်လာရမည့်အစား တရုတ်-အမေရိကန် ဆက်ဆံရေးသည် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ရှီက ထောက်ပြခဲ့သည်။ အမှန်တကယ်တွင်မူ အမေရိကန်နိုင်ငံရှိ အချို့သောသူများက “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုများအား မှားယွင်းသော အချက်ပြမှုလုပ်ဆောင်နေသရွေ့တော့ “ဒါဟာ အလွန်အန္တရာယ်ကြီးမားပါတယ်” ဟု ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်ဝမ်မေးခွန်းနှင့်ပတ်သက်၍ မှားယွင်းစွာကိုင်တွယ်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ဆိုးဝါးစွာသက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ “အမေရိကန်နိုင်ငံက ဒီကိစ္စကို သင့်တင်လျောက်ပတ်စွာ ကိုင်တွယ်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်” ဟု ရှီက ဆိုသည်။

တရုတ်-အမေရိကန် ဆက်ဆံရေးရှိ လတ်တလော အခြေအနေဖြစ်ပွားရခြင်း အကြောင်းရင်းမှာ အမေရိကန်ရှိ အချို့သောသူများက နှစ်နိုင်ငံခေါင်းဆောင်များမှ ရရှိထားသော အရေးပါသည့် ဘုံနားလည်မှုအပေါ် လိုက်နာခြင်းမရှိခြင်း၊ သမ္မတ ဘိုင်ဒန်၏ အပြုသဘောဆောင်သော ထုတ်ပြန်ချက်များအပေါ် လိုက်နာပြုမူခြင်းမရှိခြင်းမှတစ်ဆင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် ရည်ရွယ်ချက်ကို သတိမမူမိခြင်းနှင့် အတွက်အချက်မှားယွင်းခြင်းဖြစ်ကြောင်း ရှီက ပြောခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံကြား မတူညီမှုများရှိနေကြောင်းနှင့် ဆက်လက်၍လည်း ရှိနေဦးမည်ဖြစ်ကြောင်း ရှီက အလေးထားပြောကြားခဲ့သည်။

ထို့နောက် နှစ်နိုင်ငံခေါင်းဆောင်များသည် ယူကရိန်းနိုင်ငံ အခြေအနေအပေါ်လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်နိုင်ငံ၏ ရပ်တည်ချက်ကို အသေးစိတ်ပြောပြခဲ့သလို ပိုမိုဆိုးဝါးလာမည့် အခြေအနေမှ ကာကွယ်ရန် တရုတ်နိုင်ငံနှင့် ဆက်သွယ်ရေးအတွက် အသင့်ရှိနေကြောင်းလည်း ဖော်ပြခဲ့သည်။

“တရုတ်နိုင်ငံကလည်း ယူကရိန်းနိုင်ငံမှာ ဒီလိုအခြေအနေဖြစ်လာဖို့ မမြင်တွေ့လိုပါဘူး။ တရုတ်က ငြိမ်းချမ်းရေးအတွက် ရပ်တည်ပြီးတော့ စစ်ပွဲကို ဆန့်ကျင်ပါတယ်။ ဒါက တရုတ်နိုင်ငံ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုမှာ စွဲစွဲမြဲမြဲတည်ရှိနေတာပါ” ဟု ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကိစ္စရပ်တစ်ခုစီတိုင်း၏ ကောင်းကျိုးချမ်းသာအပေါ် သီးသန့်အခြေတည်ထားသော သုံးသပ်ချက် ချမှတ်လျက်ရှိကြောင်း၊ နိုင်ငံတကာဥပဒေနှင့် လူအများက အသိအမှတ်ပြုထားသော နိုင်ငံတကာဆက်ဆံရေး စံနှုန်းများကို စောင့်ထိန်းလျက်ရှိကြောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်ကို လိုက်နာလျက်ရှိကြောင်းနှင့် ဘုံဖြစ်၍ အားလုံးပါဝင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည်တည်တံ့သော လုံခြုံရေး မျှော်မှန်းချက်ကို မြှင့်တင်လျက်ရှိကြောင်း၊ ထိုအချက်များမှာ ယူကရိန်း အကျပ်အတည်းအား တရုတ်နိုင်ငံ၏ ချဉ်းကပ်ပုံ ကျောထောက်နောက်ခံပြုထားသည့် အဓိကစည်းမျဉ်းများဖြစ်ကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ယူကရိန်းရှိ လူသားချင်းစာနာထောက်ထားမှုအခြေအနေဆိုင်ရာ အချက် ၆ ချက်ပါ ရှေ့ပြေးဆောင်ရွက်ချက်ကို အဆိုပြုထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံနှင့် အခြားထိခိုက်မှုရှိသော နိုင်ငံများအား လူသားချင်းစာနာထောက်ထားမှု အကူအညီ ထပ်မံပေးအပ်ရန် အသင့်ရှိကြောင်း ရှီက ပြောကြားခဲ့သည်။

“နိုင်ငံတွေအားလုံးအနေနဲ့ ရလဒ်တွေ ထွက်ပေါ်လာဖို့နဲ့ ငြိမ်းချမ်းရေးကို ဦးတည်စေမယ့် ဆွေးနွေးမှုနဲ့ ညှိနှိုင်းမှု လုပ်ဆောင်နေတဲ့ ရုရှားနဲ့ ယူကရိန်းကို ပူးတွဲပံ့ပိုးပေးကြဖို့ လိုပါတယ်” ဟု ရှီက ဆိုသည်။

အမေရိကန်နိုင်ငံနှင့် နေတိုး (NATO) တို့သည်လည်း ယူကရိန်းပဋိပက္ခ၏ အဓိကအချက်ကို ကိုင်တွယ်ရန်နှင့် ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံလုံး၏ လုံခြုံရေးစိုးရိမ်ပူပန်မှုများကို ဖြေလျှော့ရန် ဆွေးနွေးညှိနှိုင်းသင့်ကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

တစ်နည်းအားဖြင့် ကိုဗစ်-၁၉ (COVID-19) ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေးနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုကို ကာကွယ်ရေး လိုအပ်ချက်နှင့်အတူ ဆောင်ရွက်ရမည့်အရာများသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအတွက် အလွန်ပင်ခက်ခဲကြောင်း ရှီက အလေးထားပြောခဲ့သည်။

“အဓိကနိုင်ငံကြီးတွေရဲ့ ခေါင်းဆောင်တွေအဖြစ် ကျွန်တော်တို့ဟာ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကိစ္စရပ်တွေကို ဘယ်လိုသင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရမလဲဆိုတာကို တွေးထားဖို့လိုပါတယ်၊ ပိုပြီးအရေးကြီးတာကတော့ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးနဲ့ ဘီလီယံနဲ့ချီတဲ့ ပြည်သူတွေရဲ့ အလုပ်အကိုင်နဲ့ အသက်အိုးအိမ်တွေကို စိတ်ထဲမှာ ထည့်သွင်းမှတ်ယူထားဖို့လိုပါတယ်” ရှီက ဆိုသည်။

ကြီးမားသော ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခြင်းသည် ပြည်သူများကိုသာ ထိခိုက်စေမည်ဖြစ်သည်။ အကယ်၍ ထပ်မံအရှိန်မြှင့်တင်လာပါက ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်မှု၊ ငွေရေးကြေးရေး၊ စွမ်းအင်၊ အစားအစာနှင့် စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များတွင် ဆိုးရွားသော အကျပ်အတည်းများကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ယိုယွင်းနေသော ကမ္ဘာ့စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေပြီး နောက်ဆုံးတွင်မူ ဆုံးရှုံးမှုများကိုသာ ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

“အခြေအနေက ပိုရှုပ်ထွေးလေ၊ ခေါင်းအေးအေးထားပြီး ချင့်ချင့်ချိန်ချိန် ဆောင်ရွက်ဖို့ လိုလေဖြစ်ပါတယ်” ဟု မည်သို့သောအခြေအနေမျိုးမှာမဆို ငြိမ်းချမ်းရေးအတွက် နေရာဖန်တီးပေးဖို့နဲ့ နိုင်ငံရေးအရ အခြေကျပြေလည်မှုရဖို့အတွက် နိုင်ငံရေးအရ တွန်းအား လိုအပ်ချက်က အမြဲရှိကြောင်း ရှီက ဖြည့်စွက်ပြောခဲ့သည်။

“တရုတ် ဆိုရိုးစကားနှစ်ခုအရ ‘လက်ခုပ်ဆိုတာ လက်နှစ်ဖက်တီးမှမြည်တာပါ’ ၊ ‘ကျားကိုခြူဆွဲသူကသာ လုပ်ဆောင်ရမှာဖြစ်တယ်’ လို့ ဖော်ပြထားပါတယ်။ သရုပ်ပြနိုင်ငံရေးမှာ ပါဝင်တဲ့ နိုင်ငံတွေအနေနဲ့ လတ်တလောရော ကာလရှည်ရော နှစ်ခုလုံးအတွက် စစ်မှန်တဲ့ ပြေလည်မှုကို ရှာဖွေဖို့ အရေးကြီးတယ်” ဟု ရှီက ပြောကြားခဲ့သည်။

အခြားနိုင်ငံများအနေဖြင့် အခြေအနေကို အဆုံးသတ်ပြီးဆုံးရန် ဖန်တီးနိုင်ကြောင်းနှင့် ဖန်တီးပေးသင့်ကြောင်းလည်း ရှီက ဆိုသည်။ အဓိက ဦးစားပေးရမည်မှာ တွေ့ဆုံဆွေးနွေးရေးနှင့် စေ့စပ်ညှိနှိုင်းရေးကို ဆက်လက်ဆောင်ရွက်သွားရန်၊ အရပ်သားသေဆုံးမှုများကို ရှောင်ရှားရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကာကွယ်ရန်နှင့် တိုက်ခိုက်မှုများကို ဖြစ်နိုင်သမျှ အမြန်ဆုံး ရပ်တန့်ရန် ဖြစ်ကြောင်း ရှီက ပြောခဲ့သည်။

ဖြေရှင်းချက် ခိုင်မာစေရန်မှာ အဓိကနိုင်ငံများအနေဖြင့် အချင်းချင်း လေးစားရန်၊ စစ်အေးတိုက်ပွဲ သဘောထားကို ဖယ်ရှားရန်၊ အဖွဲ့ဝင်နိုင်ငံများ ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်ရှားရန်နှင့် ဒေသတွင်းနှင့် ကမ္ဘာကြီးအတွက် မျှမျှတတ၊ ထိထိရောက်ရောက်နှင့် ရေရှည်တည်တံ့သော လုံခြုံရေးဗိသုကာကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ကြရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တရုတ်နိုင်ငံက ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးဆောင်ရွက်နေပြီး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမှာပါ” ဟု ရှီက ပြောကြားခဲ့သည်။

ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံမှုသည် အပြုသဘောဆောင်လျက်ရှိကြောင်းကို သဘောတူလျက် နှစ်နိုင်ငံ သမ္မတများအနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာစေရေးအတွက် ချက်ချင်းလိုက်နာဆောင်ရွက်ရန်နှင့် အပြုသဘောဆောင်သော ဆောင်ရွက်မှုများကို ပြုလုပ်ရန်နှင့် ယူကရိန်း အကျပ်အတည်းကို ချက်ချင်းပြေလည်မှုရရှိရန် ကြိုးပမ်းအားထုတ်မှုများ အသီးသီးဆောင်ရွက်ကြရန် ၎င်းတို့၏အဖွဲ့များအား ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)