တရုတ်နိုင်ငံ အရှေ့ပိုင်းလေကြောင်းလိုင်းပိုင် လေယာဉ်ပျက်ကျမှုအတွက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အရေးကြီး ညွှန်ကြားချက် ထုတ်ပြန်

2022-03-22 18:47:22 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထိန်ရှန့်ခရိုင် လေယာဉ်ပျက်ကျသည့်အချင်းဖြစ်နေရာသို့ ကယ်ဆယ်ရေးသမားများ ထွက်ခွာသွားသည်ကို မတ် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

တရုတ်နိုင်ငံ အရှေ့ပိုင်းလေကြောင်းလိုင်းကုမ္ပဏီ၏ MU5735လေယာဉ် သည် ကူမင်းမြို့မှ ကွမ်ကျိုးမြို့သို့ ဦးတည်ပျံသန်းစဉ် မတ် ၂၁ ရက် ၁၄ နာရီ ၃၈ မိနစ်ခန့်တွင် ကွမ်ရှီးဒေသ ဝူကျိုးမြို့ကောင်းကင်၌ အဆက်အသွယ်ပြတ်၍ ပြတ်ကျမှုဖြစ်ပွားခဲ့ကြောင်း နှင့် လေယာဉ်တွင် ခရီးသည် ၁၂၃ ဦး၊ လေယာဉ်အမှုထမ်း ၉ ဦး ပါဝင်ကြောင်း သိရသည်။

အချင်းဖြစ်ပွားပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ချက်ချင်း အရေးကြီး ညွှန်ကြားချက် ထုတ်ပြန်ခဲ့ရာ၌ MU5735 လေယာဉ်ပျက်ကျမှုကို သိရှိရကြောင်း ၊ အရေးပေါ်ယန္တရားချက်ချင်းစတင်ကာ ရှာဖွေကယ်ဆယ်မှုများ အစွမ်းကုန် ဆောင်ရွက်ကြရန်နှင့် နောက်ဆက်တွဲဖြစ်ပွားမှုများကို ကောင်းမွန်စွာ စီမံဆောင်ရွက်ကြရန် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်ကောင်စီမှ ခေါင်းဆောင်စေလွှတ်၍ အနီးကပ်ညှိနှိုင်းဆောင်ရွက်ရန် ၊အချင်းဖြစ်ပွားသည့်အကြောင်းအရင်းကို အမြန်ဆုံးရှာဖွေရန်၊ အဖက်ဖက်အားဂရုပြုဆောင်ရွက်နိုင်ရန် ၊ မြို့ပြလေကြောင်းလိုင်းကဏ္ဍ၏ လုံခြုံရေးအန္တရာယ်စိစစ်မှုများကို မြှင့်တင်ဆောင်ရွက်ရန်၊ တာဝန်ယူမှုတာဝန်ခံမှုကို အခြေတကျ အကောင်အထည်ဖော်ရန်၊ လေကြောင်းသွားလာမှု အလုံးစုံလုံခြုံရေး၊ ပြည်သူ့အသက်အိုးအိမ်လုံခြုံရေးကို အပြည့်အဝ အာမခံထားရှိဆောင်ရွက်ကြရေးတို့ကို ညွှန်ကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် ၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန်က ညွှန်ကြားမှုပေးခဲ့ရာတွင် အသက်ရှင်ကျန်ရစ်သူများအား အစွမ်းကုန်အဆုံးစွန်ရှာဖွေရန်နှင့် ဒဏ်ရာရသူများအား အတတ်နိုင်ဆုံး ကယ်ဆယ်ကုသရန်၊ နောက်ဆက်တွဲကိစ္စရပ်များအား ကောင်းမွန်စွာ စီစဉ်ပေးရန်၊ သေဆုံးသူများ၏ မိသားစုဝင်များအား ကောင်းမွန်စွာနှစ်သိမ်အားပေးမှု ရှိရန် ၊ ကိစ္စရပ်၏ အဖြစ်မှန်အတိုင်း အချိန်မီ မှန်ကန်တိကျစွာ သတင်းထုတ်ပြန်ရန်၊ အချင်းဖြစ်ပွားသည့်အကြောင်းအရင်းကို တင်းတင်းကျပ်ကျပ် စစ်ဆေးရန် ၊ မြို့ပြလေကြောင်းလုံခြုံရေး စီမံခန့်ခွဲမှုကို အားကောင်းသည့် နည်းလမ်းများနှင့်မြှင့်တင်ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်းသိရသည်။

သမ္မတရှီကျင့်ဖိန်၏ ညွှန်ကြားချက်နှင့် လီခဲ့ချန်၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံမြို့ပြလေကြောင်းလိုင်းစီမံခန့်ခွဲရေးဌာန၊ အရေးပေါ်စီမံခန်ခွဲရေးဌာန စသည့် သက်ဆိုင်ရာဌာနများက လုပ်ငန်းအဖွဲ့များ စေလွှတ်ကာ အချင်းဖြစ်ပွားသည့်နေရာတွင် လိုအပ်သည်များကို ညွှန်ကြားစီမံဆောင်ရွက်ပေးနေပြီ ဖြစ်သလို ကွမ်ရှီး၊ ကွမ်တုန်းစသည့် ဒေသများမှ ရှာဖွေကယ်ဆယ်ရေးအင်အားစုများကလည်း အချင်းဖြစ်ပွားသည့်နေရာတွင် ပူးပေါင်းပါဝင်လျက်ရှိကြောင်း သိရသည်။ လက်ရှိ အချင်းဖြစ်နေရာ၏ ကယ်ဆယ်ကူညီမှုများ၊ နောက်ဆက်တွဲစီမံဆောင်ရွက်မှုများနှင့် အချင်းဖြစ်ပွားသည့်အကြောင်းအရင်းစသည့် လုပ်ငန်းစဉ်များ စိစစ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။(Xinhua)