လောင်စာဆီဈေးနှုန်း မြင့်မားနေခြင်းကြောင့် အမေရိကန်တွင် ဓာတ်ဆီခိုးယူမှုများ မကြာခဏဖြစ်ပွားလျက်ရှိ

2022-03-25 17:26:55 |သတင်းအရင်းအမြစ် 新华网

ကယ်လီဖိုးနီးယား၊ လော့စ်အိန်ဂျလိစ်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်အား မတ် ၂၀ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် ဓာတ်ဆီဈေးနှုန်း မြင့်တက်နေပြီး ဓာတ်ဆီခိုးယူမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။ ကားရောင်းဝယ်သူများနှင့် ဓာတ်ဆီဆိုင်အများအပြားသာမက အချို့သောကိုယ်ပိုင်ကားများလည်း ဓာတ်ဆီခိုးယူခံနေရကြောင်း သိရသည်။အမေရိကန်နိုင်ငံ မြောက်ပိုင်း ဝါရှင်တန်ပြည်နယ်မှ တောင်ပိုင်းဂျော်ဂျီယာပြည်နယ်အထိ ဓာတ်ဆီ ခိုးယူမှု အဖြစ်များနေသည်မှာ အဆန်းမဟုတ်တော့ကြောင်းနှင့် ခိုးယူသူများသည် နည်းမျိုးစုံဖြင့် ပြစ်မှုကျူးလွန်ကာ ခံရသူများ ဒုက္ခရောက်ခဲ့ကြောင်း CNN သတင်းဌာန၏ မတ် ၂၂ ရက် ထုတ်ပြန်သော သတင်းတွင် ဖော်ပြထားသည်။

Wisconsin ရှိ ကားအရောင်းကိုယ်စားလှယ်တစ်ဦး ဖြစ်သူ Mike Gross က ယခင်ကာလက ဆိုင်ထဲမှ တာယာ၊ စတီယာရင်၊ ငွေသားစသည့်ပစ္စည်းများ ခိုးယူခံရပြီး ယခုအခါ ဓာတ်ဆီပါ ခိုးယူခံနေရကြောင်း ပြောကြားခဲ့သည်။ ဆိုင်တွင်းရှိ စက်ပြင်ဆရာတစ်ဦးက ကရိန်းဖြင့် ဂျစ်ကားကို တင်ဆောင်စဉ် ကားဆီတိုင်ဂီဖောက်ထွင်းခံထားရပြီး ဓာတ်ဆီခိုးခံထိထားသည်ကို တွေ့ရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ကယ်လီဖိုးနီးယား၊ လော့စ်အိန်ဂျလိစ်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်အား မတ် ၂၀ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

 

လွန်ခဲ့သည့်လအနည်းငယ်အတွင်း တက္ကဆက်ပြည်နယ် Duncanville ရှိ ဓာတ်ဆီဆိုင်မှ ဒေါ်လာ ၂၇,၀၀၀ ခန့် တန်ဖိုးရှိဓာတ်ဆီ များခိုးယူခံခဲ့ရသည်။ ဓာတ်ဆီဆိုင်ပိုင်ရှင်က ယင်းဓာတ်ဆီခိုးသူများသည် ဆိုင်တွင်းရှိ စက်ကိရိယာများကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတက်ပြီး လောင်စာပန့်နှင့် စက်အစိတ်အပိုင်းပစ္စည်းများကို ဖြုတ်တက်သည့်အပြင် စနစ်လစ်ဟာမှုများကိုလည်း အသုံးချတက်ကြောင်း ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က ယင်းအမှုကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှ ဓာတ်ဆီဆိုင်ပိုင်ရှင်တစ်ဦးက ၎င်းဆိုင်တွင် သုံးရက်အတွင်း ဓာတ်ဆီဂါလံ ၁၀၀၀ ခိုးယူခံရကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သတင်းပတ်တွင် လူနှစ်ဦးသည် ဓာတ်ဆီလိမ်လည်ခိုးယူမှုဖြင့် ဖမ်းဆီးခံရကြောင်း ဖလော်ရီဒါပြည်နယ် စိုက်ပျိုးရေးနှင့် စားသုံးသူဝန်ဆောင်မှု ဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။

မြောက်ကာရိုလိုင်းနားရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် သူခိုးအုပ်စုတစ်စုသည် ငွေပေးချေမှုစနစ်ကို ဖြတ်ကျော်သည့် စက်ပစ္စည်းတစ်ခုကို အသုံးပြုကာ ၄၅ မိနစ်အတွင်း ဓာတ်ဆီဂါလံ ၄၀၀ နီးပါးကို ခိုးယူသွားခဲ့ကြောင်းသိရသည်။

ကိုယ်ပိုင်ကားများလည်း အလားတူကိစ္စရပ်များ ကြုံတွေ့ရကြောင်း သိရသည်။ ပြီးခဲ့သည့် သတင်းပတ်အတွင်း နီဗားဒါးတွင် သံသယရှိသူ နှစ်ဦးက နေ့ခင်းမှာပင် ရပ်ထားသော ကားတစ်စီး၏ ဆီတိုင်ကီကို ဖောက်ထွင်းကာ ဆီခိုးယူခဲ့ကြောင်းနှင့် အခင်းဖြစ်ချိန်တွင် ပိုင်ရှင်က ကားထဲတွင်ရှိနေကြောင်း သိရသည်။ Pennsylvania တွင် ဓာတ်ဆီခိုးယူသူများက ဖောက်စက်နှင့် ပုံးကိုယူကာ ကားတစ်စီး၏ ဆီခိုးယူခဲ့ကြောင်း နေအိမ်တစ်အိမ်ရှိ လုံခြုံရေးကင်မရာမှ ရိုက်ကူးထားနိုင်ခဲ့သည်။

လွန်ခဲ့သည့်နှစ်ကတည်းက အမေရိကန်၏ ဆီဈေးနှုန်းများသည် ဆက်တိုက်မြင့်တက်ခဲ့ပြီး မကြာသေးမီက ရုရှား-ယူကရိန်း ပဋိပက္ခများကြောင့် ဆီစျေးနှုန်းသည် အမြင့်ဆုံးစံချိန်သို့ရောက်ရှိခဲ့ကြောင်း CNN သတင်းဖော်ပြချက်အရ သိရသည်။

မကြာသေးမီက အမေရိကန်နိုင်ငံ ပျမ်းမျှဆီစျေးနှုန်းသည် တစ်ဂါလံလျှင် ဒေါ်လာ ၄.၃၃ အထိရောက်ရှိခဲ့ပြီး မတ် ၂၂ ရက်တွင် တစ်ဂါလံလျှင် ဒေါ်လာ ၄.၂၄ ဖြင့် မြင့်မားနေဆဲဖြစ်ရာ ယခင်နှစ် တစ်ဂါလံ ဒေါ်လာ ၂.၇၆ နှင့်နှိုင်းယှဉ်ပါက လက်ရှိအမေရိကန်တွင် ပျမ်းမျှဆီစျေးနှုန်းသည် ၅၀ ရာခိုင်နှုန်းကျော် အထိမြင့်တက်နေကြောင်း အမေရိကန် မော်တော်ယာဉ်အသင်း(AAA) မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ (Xinhua)