နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်၌ လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပနေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
ဘက်စုံ ခွဲခြားခြင်းမရှိသည့် ပိတ်ဆို့အရေးယူမှုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသစ်ကို ဖြစ်ပေါ်စေကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ဒုတိယကိုယ်စား သိုက်ပင်းက မတ် ၂၉ ရက် က ယူကရိန်း လူသားချင်းစာနာထောက်ထားရေး လုံခြုံရေးကောင်စီ သုံးသပ်ဆွေးနွေးမှုတွင် ထောက်ပြပြောကြားခဲ့သည်။ယူကရိန်းပဋိပက္ခ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ရာ အရပ်သားများ၏ အသက်အိုးအိမ်လုံခြုံရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များက လက်တွေ့အာမခံမှုရရှိသင့်ကြောင်း သိုက်ပင်းက ဆိုသည်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေစည်းမျဉ်းများကို လေးစားလိုက်နာပြီး အရပ်သားသေဆုံးဒဏ်ရာရမှုမဖြစ်ပွားရအောင် အစွမ်းကုန် ရှောင်ရှားကြရန်၊ အရပ်သုံးအဆောက်အအုံလုံခြုံရေးကို ကာကွယ်ထိန်းသိမ်းကြရန်၊ လူများဘေးလွတ်ရာသို့ ထွက်ခွာရန်နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီဝင်ရောက်ရေးအတွက် လုံခြုံရေးလမ်းကြောင်း ပံ့ပိုးပေးရန်၊ စားနပ်ရိက္ခာ၊သောက်သုံးရေ၊ဆေးဝါးပစ္စည်း စသည့် အခြေခံလူမှုဘဝအသုံးအဆောင်ပစ္စည်းများ၏ ဆက်လက်ပံ့ပိုးမှုကို အာမခံပေးရန်၊ အထူးသဖြင့် အမျိုးသမီး၊ ကလေးသူငယ်စသည့် ထိလွယ်ရှလွယ်အားနည်းသည့် လူအုပ်စုများအပေါ် ကာကွယ်စောင့်ရှောက်မှုကို တိုးမြှင့်ရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကုလသမဂ္ဂသက်ဆိုင်ရာအဖွဲ့အစည်းများ၏ လူသားချင်းစာနာထောက်ထားမှု၊ ဘက်မလိုက်ရပ်တည်မှု၊ မျှတမှု အခြေခံမူကို လက်ကိုင်ထားပြီး နိုင်ငံတကာ၌ ဆက်လက်နှိုးဆော်ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ပဋိပက္ခဒဏ်ခံရသည့် လူထုအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ခြင်း၊ ယူကရိန်းနှင့်အနီးနိုင်ငံများ ရင်ဆိုင်နေရသည့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ကူညီပေးခြင်းများအား ထောက်ခံကြောင်း ပြောကြားခဲ့သည်။
အဆက်မပြတ်အရှိန်မြှင့် ဘက်ပေါင်းစုံ၊ ခွဲခြားခြင်းမရှိပိတ်ဆို့အရေးယူမှုသည် ကမ္ဘာတစ်ဝန်း စွမ်းအင်၊ စားနပ်ရိက္ခာ၊ ကုန်သွယ်စီးပွား၊ ဘဏ္ဍာရေးဈေးကွက် ကဏ္ဍများ နောက်တစ်ဆင့် ရိုက်ခတ်မှုများ ရှိနေပြီး လူထုပုံမှန်နေထိုင်မှုဘဝအပေါ်သက်ရောက်မှုများ ဖြစ်ပွားကာ လူသားချင်းစာနာထောက်ထားမှုပြဿနာရပ်သစ်ကို ဖြစ်ပေါ်စေကြောင်း သိုက်ပင်းက ပြောကြားခဲ့သည်။ ကမ္ဘာ့ဖွံ့ဖြို့ဆဲနိုင်ငံအများစုသည် ယခုပဋိပက္ခဖြစ်ပွားမှုအကြောင်းနှင့်သက်ဆိုင်သူများ မဟုတ်ရာ ယင်းပဋိပက္ခလှိုင်းဒဏ် မခံစားသင့်သလို ပထဝီနိုင်ငံရေးပဋိပက္ခနှင့်နိုင်ငံကြီးအားပြိုင်မှု ဆိုးဝါးသည့်အကျိုးဆက်ကို ရှောင်လွှဲမရ မခံစားသင့်ကြောင်း ဆိုသည်။
လက်ရှိ ကမ္ဘာ၌ စားနပ်ရိက္ခာဖူလုံရေးသည် ဆိုးဝါးသောစိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရပြီး ထို့အပေါ်အထူး အလေးအနက်ထားသင့်ကြောင်း၊ ပိတ့်ဆို့အရေးယူခြင်းနှင့် စီးပွားရေးပိတ်ဆို့မှုသည် လူသားများအတွက် စားနပ်ရိက္ခာပြတ်လပ်လိုအပ်ခြင်းနှင့်ကုန်ဈေးနှုန်းပုံပျက်ပြောင်းလဲစေပြီး ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပို့ရေးကွင်းဆက်ကို တစ်ဆင့်တိုး ရိုက်ခတ်ရှုပ်ထွေးစေခြင်း၊ စားနပ်ရိက္ခာဈေးနှုန်းမြင့်တက်ခြင်းတို့သာ ဖြစ်စေရာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် မလိုအပ်သည့် ဝန်ဖိအားများ ခံစားရစေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာညှိနှိုင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း၊ လျော်ကန်မှုမရှိသည့် ပို့ကုန်ကန့်သတ်မှုကို တားဆီးရန်၊ ဈေးကွက်တည်ငြိမ်စွာလည်ပတ်အောင် ထိန်းသိမ်းရန်၊ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအာမခံမှုရှိစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆိုသည်။
ကုလသမဂ္ဂသက်ဆိုင်ရာဌာနများက အပြုသဘောအခန်းကဏ္ဍမှပါဝင်ကာ နိုင်ငံသီးသီး စားနပ်ရိက္ခာထုတ်လုပ်၊ကုန်သွယ်ရေးကို ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ရိုက်ခံမှုဒဏ်ကို ကာကွယ်ဖို့ ကူညီပေးရန် ပြောကြားခဲ့သည်။
အကျပ်အတည်း အရှိန်မြင့်တက်လာပါက ပို၍ ဆုံးရှုံးနစ်နာမည်သာဖြစ်ပြီး မည်သည့်ဘက်၏ အကျိုးစီပွားနှင့် ကိုက်ညီမှုမရှိကြောင်း ၎င်းက ဆိုသည်။ အပစ်ခတ်ရပ်စဲ၊ တိုက်ပွဲရပ်တန့်ရေး တွေ့ဆုံဆွေးနွေးခြင်းက အဆုံးစွန် အခြေခံကျသည့် ထွက်ပေါက်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ရုရှား-ယူကရိန်း တိုက်ရိုက်စေ့စပ်ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန်၊ ဆွေးနွေးရလဒ်ထွက်သည်အထိ၊ ငြိမ်းချမ်းရေးရသည်အထိ ညှိနှိုင်းဆွေးနွေးရန် အားပေးထောက်ခံသင့်ပါကြောင်း၊ လုံခြုံရေးသည် ခွဲခြား၍မရဖြစ်ရာ အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို တွန်းအားပေးခြင်း၊ တစ်ဖက်စွန်းလုံခြုံရေးကို ကြိုးပမ်းခြင်းသည် လုံခြုံမှုမရှိဆုံး လုပ်ဆောင်နည်း ဖြစ်ကြောင်း ၊ အမေရိကန်၊ နေတိုးနှင့်ဥရောပသမဂ္ဂကလည်း ရုရှားနှင့်တွေ့ဆုံဆွေးနွေးပြီး ဘက်ပေါင်းစုံ၏ သင့်လျော်မှုရှိသော လုံခြုံရေးဂရုပြုမှုများကို ကြည့်ရှုရမည်ဖြစ်သလို ဟန်ချက်ညီ၊ ထိရောက်၍ စဉ်ဆက်မပြတ်ဖြစ်သော ဒေသတွင်း လုံခြုံရေးမူဘောင်ကို ဆွေးနွေးမှုဖြင့် တည်ဆောက်ရမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အခြေအနေတင်းမာမှုများ ပြေလျော့စေရေး၊ အကျပ်အတည်းဖြေလျှော့ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)