တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မတ် ၁၈ ရက်တွင် ပေကျင်းမြို့မှ အမေရိကန်သမ္မတဘိုင်ဒန်နှင့်ဗွီဒီယိုဖြင့် ဆက်သွယ်ဆွေးနွေးစဉ်(ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တတိယအကြိမ်မြောက် အာဖဂန်နစ္စတန် အိမ်နီးချင်းနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ မတ် ၃၁ ရက်က မိန့်ခွန်းသဝဏ်လွှာပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် သမ္မတရှီကျင့်ဖိန်က အာဖဂန်နစ္စတန်သည် ခရီးကြမ်းနှင့်ဆင်းရဲမှုဒဏ်ကို အတိခံစားခဲ့ရပြီး လုပ်ငန်းပေါင်းများစွာ ပြန်လည်ရှင်သန်ရန်စောင့်ဆိုင်းနေသော ရှုပ်ထွေးမှုများကြားမှ စီမံအုပ်ချုပ်ရေးသို့ သွားနေသည့် အရေးကြီးကာလတွင် ရောက်ရှိနေကြောင်း ဖော်ပြထားသည်။ အာဖဂန်သည် အစည်းအဝေးတက်ရောက်ကြသည့် နိုင်ငံအသီးသီးနှင့်အတူတကွရှိနေသော အိမ်နီးချင်းမိတ်ဖက်များ ဖြစ်ကြကြောင်း၊ မိမိတို့သည် တောတောင်ရေမြချင်းဆက်စပ်နေပြီး အေးအတူ၊ပူအမျှ ကံကြမ္မာတူအကျိုးတူအသိုက်အဝန်း ဖြစ်ကြောင်း ၊ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးစည်ပင်သော အာဖဂန်နစ္စတန်သည် အာဖဂန်ပြည်သူတစ်ရပ်လုံး၏မျှော်လင့်ရာဖြစ်သလို ဒေသတွင်းနိုင်ငံနှင့် နိုင်ငံတကာအသိုက်အဝန်း၏ ဘုံအကျိုးစီးပွားနှင့်လည်း ကိုက်ညီကြောင်း ပြောကြားခဲ့သည်။
“အိမ်နီးချင်းနိုင်ငံများနှင့်ကောင်းမွန်ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခြင်းသည် နိုင်ငံ၏အဖိုးမဖြတ်နိုင်သည့် တန်ဖိုးဖြစ်သည်”ဟု သမ္မတရှီက သဝဏ်လွှာတွင် အလေးထား ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်၏ အချုပ်အခြာအာဏာ၊ လွတ်လပ်မှု၊ နယ်မြေပိုင်နက်ပြည့်စုံမှုကို အစဉ်လေးစားပြီး အာဖဂန် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်မှုကို အားပေးထောက်ခံကြောင်း ၊ အာဖဂန်အိမ်နီးချင်းနိုင်ငံများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးယန္တရားကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီးသည်မှစပြီး အိမ်နီးချင်းနိုင်ငံများ၏အားသာချက်ဖြင့် အာဖဂန်အခြေအနေ တည်ငြိမ်စွာ အသွင်ပြောင်းရေးအတွက် အပြုသဘောကဏ္ဍမှ ဖော်ဆောင်ခဲ့ကြကြောင်း ဆိုသည်။
အာဖဂန်ပြည်သူများ လှပသည့်အနာဂတ်ကို တည်ဆောက်ရာတွင် အာဖဂန်အိမ်နီးချင်းနိုင်ငံများအနေဖြင့် မိမိတို့တတ်နိုင်သမျှ သဘောတူညီချက်များစုစည်းပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အားပေးထောက်ခံကြရမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန်က သဝဏ်လွှာတွင် အလေးထား ဖော်ပြခဲ့သည်။ (Xinhua)