ဧပြီလ ၆ ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် အာမေးနီးယား သမ္မတ ဟာချာထူရံတို့သည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန်ပေးပို့ခဲ့ပြီး တရုတ်-အာမေးနီးယား သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း နှစ် ၃၀ ပြည့်မြောက်ခြင်းကို ထောပနာပြုကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က တရုတ်-အာမေးနီးယားသည် ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ပြီး သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၃၀ အတွင်း တရုတ်-အာမေးနီးယား ဆက်ဆံရေး ပုံမှန်တည်ငြိမ်စွာ တိုးတက်လာကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွါးသည့်နောက်ပိုင်း နှစ်နိုင်ငံပြည်သူတို့သည် အပြန်အလှန်ဖေးမကူညီကြပြီး ကိုဗစ်ကို လက်တွဲတိုက်ဖျက်ခဲ့သည့်အတွက် နှစ်နိုင်ငံပြည်သူများအကြား လေးနက်သောချစ်ကြည်ရေးကို ပြသထားကြောင်း ပြောကြားခဲ့သည်။
ဟာချာထူရံက နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း နှစ် ၃၀ အတွင်း အာမေးနီးယား-တရုတ် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှုများစွာ ရရှိ ခဲ့ကြောင်း၊ မိမိသည် သမ္မတရှီကျင့်ဖိန်နှင့်အတူ အာမေးနီးယား-တရုတ် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု ဆက်လက် တည်ငြိမ်စွာ တိုးတက်ရန် အကောင်အထည်ဖော် ကြိုးစားလိုကြောင်း ပြောကြားခဲ့သည်။