အမေရိကန်က တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ စစ်လက်နက်ပစ္စည်းရောင်းချခြင်းအား ပြတ်သားစွာ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

2022-04-07 18:26:16 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား ဧပြီ ၆ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

အမေရိကန်က တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ စစ်လက်နက်ပစ္စည်းရောင်းချမှုကို တရုတ်နိုင်ငံက ပြတ်သားစွာ ကန့်ကွက်ကြောင်းနှင့် အားကောင်းခိုင်မာသည့်နည်းလမ်းများ ဆက်လက်အသုံးပြုပြီး မိမိ၏အချုပ်အခြာအာဏာနှင့်လုံခြုံရေးအကျိုးစီးပွားကို ခိုင်မာစွာ ကာကွယ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဧပြီ ၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်အခြေစိုက် ထိုင်ပေ စီးပွားရေးနှင့်ယဉ်ကျေးမှုရေးရာရုံးသို့ စုစုပေါင်းတန်ဖိုး အမေရိကန် ဒေါ်လာ ၉၅ သန်းရှိ စစ်ဘက်ဆိုင်နည်းပညာနှင့်ဆက်စပ်ပစ္စည်းများကို ရောင်းချရန် ခွင့်ပြုလိုက်ကြောင်း၊ ၎င်းတို့တွင် အဓိကအားဖြင့် Patriotလေကြောင်းရန်ကာကွယ်ရေးစနစ်အတွက် သက်ဆိုင်ရာ လေ့ကျင့်မှု၊စီမံဖြန့်ကျက်မှု၊ လည်ပတ်မှု၊ ပြင်ဆင်မှု၊ ထောက်ပံ့မှုများနှင့်အခြားသော သက်ဆိုင်ရာ စက်ပစ္စည်းများ ပါဝင်ကြောင်း အမေရိကန် ကာကွယ်ရေးကဏ္ဍလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီက ဧပြီ ၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပေါ် ကျောက်လိကျန်းက အမေရိကန်က တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ စစ်လက်နက်ပစ္စည်းရောင်းချခြင်းသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ စောင် အထူးသဖြင့် “ဩဂုတ်.၁၇ ”ကြေညာချက်ကို ဆိုးဝါးစွာ ချိုးဖောက်ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်လုံခြုံရေးအကျိုးစီးပွား၊ တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးကို ဆိုးဝါးစွာ ထိခိုက်စေကြောင်း ပြောကြားခဲ့သည်။ ထို့အပေါ် တရုတ်နိုင်ငံက ပြတ်သားစွာ ဆန့်ကျင်သလို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ဆိုသည်။

“အမေရိကန်ဘက်က တရုတ်တစ်နိုင်ငံတည်းမူဝါဒနဲ့ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ စောင်ရဲ့ သတ်မှတ်ချက်ကို လိုက်နာစောင့်ထိန်းသင့်ပြီး အဆိုပါ လက်နက်ရောင်းချမှုအစီအစဉ်ကို ဖျက်သိမ်းပြီး လက်နက်ရောင်းချမှုနဲ့ အမေရိကန်-ထိုင်ဝမ် စစ်ရေးဆက်သွယ်မှုရပ်တန့်ရမှာ ဖြစ်တယ်။ တရုတ်နိုင်ငံအနေဖြင့် ခိုင်မာအားကောင်းတဲ့ နည်းလမ်းတွေ ဆက်လက်အသုံးပြုပြီး မိမိ၏အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားကို ခိုင်မာစွာ ကာကွယ်သွားမှာ ဖြစ်တယ် ”ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။ (Xinhua)