တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

2022-04-22 11:08:20 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး ဝေဘုန်းဟယ်အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး ဝေဘုန်းဟယ်သည် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် (Lloyd Austin) နှင့် ဧပြီ ၂၀ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ခေါင်းဆောင်နှစ်ဦးကြား ရရှိထားသော သဘောတူညီချက်ကို စိတ်ရောကိုယ်ပါ အကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း ဝေက ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်အတူ အားကောင်း၍ တည်ငြိမ်သော နိုင်ငံကြီးဆက်ဆံရေး ထူထောင်နိုင်ရန် မျှော်လင့်ကြောင်း၊ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကို ကာကွယ်မည်ဖြစ်ကြောင်း ဝေက ပြောခဲ့သည်။

ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်နိုင်စွမ်းကို လျှော့၍မတွက်သင့်ကြောင်း ဝေက ဆိုသည်။

နှစ်နိုင်ငံ စစ်တပ်များသည်လည်း အပြန်အလှန်ယုံကြည်မှု မြှင့်တင်ခြင်း၊ ဆွေးနွေးမှုနှင့် ဖလှယ်မှုများ အားကောင်းခြင်း၊ အန္တရာယ်နှင့် အကျပ်အတည်းများကို စီမံခန့်ခွဲခြင်းနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်ခြင်းများ လုပ်ဆောင်သွားသင့်ကြောင်း၊ သို့မှသာ နှစ်နိုင်ငံ စစ်တပ်အချင်းချင်း ဆက်ဆံရေး ပုံမှန်နှင့် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုရှိစေမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

အကယ်၍ ထိုင်ဝမ်မေးခွန်းအား သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ခြင်းမပြုပါက တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ် ပြောင်းပြန်သက်ရောက်မှုရှိစေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ စစ်တပ်အနေဖြင့် အမျိုးသား အချုပ်အခြာ၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးကို အပြည့်အဝစောင့်ထိန်းသွားမည်ဖြစ်ကြောင်းလည်း ဝေက အလေးထား ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က အမေရိကန်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဖြောင့်မတ်၍ ပွင့်လင်းမှုရှိသော သဘောထားဖြင့် စစ်တပ်ချင်းဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန် ဆောင်ရွက်သွားမည်ဖြစ်သလို တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုလည်း အမေရိကန်က လိုက်နာစောင့်ထိန်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် နှစ်ဘက်စစ်တပ်များ ရင်ဆိုင်နေရသော အခက်အခဲများကို တာဝန်ယူမှုရှိသော နည်းလမ်းနှင့် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းရာ၌ ယှဉ်ပြိုင်မှုနှင့် အန္တရာယ်ရှိနိုင်ခြေများကို စီမံခန့်ခွဲသင့်ကြောင်း အော်စတင်က ဆိုသည်။

၎င်းတို့နှစ်ဦးသည် ပင်လယ်ရေကြောင်းနှင့် လေကြောင်းလုံခြုံရေး၊ ယူကရိန်းနိုင်ငံရှိ အခြေအနေ စသည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)