ရုရှားသမ္မတ ဗလာတီမာပူတင်ကို ဒီဇင်ဘာ ၂၁ ရက်တွင် မော်စကို၌ ကျင်းပသည့် အစည်းအဝေးတွင် တွေ့ရစဉ်(ဆင်ဟွာ)
ရုရှနိုင်ငံဆိုင်ရာ လတ်ဗီးယား၊ အက်စ်တိုးနီးယားနှင့် လစ်သူယေးနီးယားနိုင်ငံ ကောင်စစ်ဝန်ရုံးများ၏ အလုပ်လုပ်ကိုင်ခွင့်ကို ရုရှားနိုင်ငံက ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယူကရိန်းနှင့် ရုရှားတို့က ထိုနေ့တွင် ဖမ်းဆီးထိန်းသိမ်းထားသူများကို ထပ်မံလဲလှယ်ခဲ့ကြောင်းနှင့် ယူကရိန်းဘက်မှဖမ်းဆီးခံရသူ ၁၉ ဦးလွတ်မြောက်ခဲ့ကြောင်း ယူကရိန်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် Irina Vereshchuk က ဧပြီ ၂၁ ရက်တွင် လူမှုကွန်ရက်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
--လတ်ဗီးယား၊ အက်စတိုးနီးယားနှင့် လစ်သူယေးနီးယားသုံးနိုင်ငံက ၎င်းတို့နိုင်ငံ အချို့မြို့များရှိ ရုရှား ကောင်စစ်ဝန်ချုပ်ရုံးများနှင့် ကောင်စစ်ဝန်ရုံးများကို ပိတ်လိုက်သည့်အပြင် သုံးနိုင်ငံအစိုးရမှ ယူကရိန်းအတွက် စစ်ဘက်ဆိုင်ရာ အကူအညီများ ပံ့ပိုးနေခြင်းကြောင့် လက်တုံ့ပြန်အနေဖြင့် ရုရှားက စိန့်ပီတာစဘတ်မြို့ရှိ သုံးနိုင်ငံ ကောင်စစ်ဝန်ရုံးချုပ်၊ Pskov ရှိ လတ်ဗီးယားနိုင်ငံကောင်စစ်ဝန်ရုံးနှင့် Pskov ရှိ အက်စ်တိုးနီးယားနိုင်ငံကောင်စစ်ဝန်ရုံးတို့၏ အလုပ်လုပ်ပိုင်ခွင့်ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
--ထိုနေ့တွင် ရုရှားတပ်ဖွဲ့သည် ယူကရိန်းစစ်ဘက်ဆိုင်ရာပစ်မှတ် ၆၄ ခုကို ဖျက်ဆီးခဲ့ပြီး ရုရှားဒုံးကျည်များနှင့် အမြောက်တပ်မက ယူကရိန်း စစ်ဘက်ဆိုင်ရာပစ်မှတ် ၄၅၀ ခုကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Konashenkov က ဧပြီ ၂၁ ရက် ညပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရုရှားအထူးစစ်ဆင်ရေးလုပ်ဆောင်ပြီးနောက်ပိုင်း ရုရှားတပ်မှ ဖျက်ဆီးခဲ့သည့် ယူကရိန်းစစ်တပ် လေယာဉ် ၁၄၀ စီး၊ ရဟတ်ယာဉ် ၁၀၆ စင်း၊ မောင်းသူမဲ့လေယာဉ် ၅၁၂ စီး ၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ၂၅၄ စုံ၊ တင့်ကားနှင့်သံချပ်ကာယာဉ် ၂,၄၂၂ စီး၊ ဘဇူကာ ဒုံးလောင်ချာ ၂၆၆ လက်၊ အမြောက်နှင့်စိန်ပြောင်း ၁,၀၅၁ လက်၊ စစ်ဘက်သုံးအထူးယာဥ် ၂,၂၇၄ စီး ရှိပြီဖြစ်ကြောင်း သိရသည်။
--ယူကရိန်းနှင့် ရုရှားတို့က ဧပြီ ၂၁ ရက်တွင် ဖမ်းဆီးထိန်းသိမ်းထားသူများကို ထပ်မံလဲလှယ်ခဲ့ရာ ယူကရိန်း စစ်သား ၁၀ ဦးနှင့် အရပ်သား ၉ ဦး အပါအဝင် ယူကရိန်းဘက်မှဖမ်းဆီးခံရသူ ၁၉ ဦးလွတ်မြောက်ခဲ့ကြောင်းနှင့် ၎င်းတို့အနက် ဒဏ်ရာရရှိသူရှိပြီး ၎င်းတို့ကို ဆေးကုသပေးသွားမည်ဖြစ်ကြောင်း Vereshchuk က ဆိုသည်။
ရုရှားမှ အမြောက်ဖြင့် ဆက်တိုက်ပစ်ခတ်မှုကြောင့် ထိုနေ့တွင် မာရီယူပိုးလ်၌ ဖွင့်လှစ်ရန် စီစဉ်ထားသော လူသားချင်း စာနာထောက်ထားမှု လမ်းကြောင်းကို ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် Vereshchuk က Mariupol ရှိ အရပ်သားများနှင့် ဒဏ်ရာရရှိသော စစ်သားများကို ရွှေ့ပြောင်းနိုင်ရန် Azovstal သံမဏိစက်ရုံတွင် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်း ဖွင့်လှစ်ခြင်းကို ရုရှားမှသဘောတူရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
--ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဧပြီ ၂၁ ရက်တွင် ကိဗ်သို့အလည်အပတ်ရောက်ရှိနေသည့် စပိန်ဝန်ကြီးချုပ် Pedro Sanchez နှင့် ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen တို့နှင့် တွေ့ဆုံခဲ့ရာ ၎င်းတို့က ယူကရိန်းကာကွယ်ရေးအင်အား တိုးမြှင့်ရေး၊ စစ်ပွဲအပြီးယူကရိန်း ပြန်လည်တည်ဆောက်ရေးနှင့် ဥရောပသမဂ္ဂသို့ ဝင်ရောက်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ယူကရိန်းသမ္မတရုံး ဝက်ဘ်ဆိုဒ်မှ ထုတ်ပြန်ထားသည်။ ဆွေးနွေးမှုတွင် နိုင်ငံအသီးသီးက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူကြောင်း ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂသို့ ယူကရိန်းဝင်ရောက်ရန် စပိန်မှထောက်ခံကြောင်း Sanchez က ပြောကြားခဲ့သည်။
စစ်ပွဲအပြီး ယူကရိန်းနိုင်ငံတောင်ပိုင်းမြို့ မီကိုလိုင်ဗ်မြို့ ပြန်လည်တည်ဆောက်ရေးတွင် ဒိန်းမတ်နိုင်ငံမှ ပါဝင်ရန်ဆန္ဒရှိကြောင်း Frederiksen က ပြောကြားခဲ့သည်။
--ပေါ်တူဂီနိုင်ငံအနေဖြင့် “လက်နက်ကြီးများ” ပေးပို့ရန်နှင့် ရုရှားနိုင်ငံအား စွမ်းအင်နှင့် ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများ အားကောင်းစွာ လုပ်ဆောင်ရန် ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက ပေါ်တူဂီ လွှတ်တော်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။ (Xinhua)