
2022-04-28 11:21:01 |သတင်းအရင်းအမြစ် 新华网

ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ပူးတွဲသယ်ယူပို့ဆောင်ရေး “ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ” ရထားကြီး ချုံချင့် မီးရထားကွန်တိန်နာစင်တာမှ ဧပြီ ၂ ရက်တွင် ပထမဆုံး စတင်ထွက်ခွါလာသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

အနောက်ဘက်ဒေသ ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ်၏ ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်သည် နိုင်ငံနှင့်ဒေသပေါင်း ၁၀၇ ရှိ ဆိပ်ကမ်း ၃၁၅ ခုအထိ တိုးချဲ့နိုင်ခဲ့ကြောင်း ဧပြီ ၂၇ ရက်က ချုံချင့်မြို့အစိုးရ ဂိတ်နှင့်သယ်ယူပို့ဆောင်ရေးရုံးမှ မိတ်ဆက်ပြောကြားခဲ့သည်။

အနောက်ဘက် ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ်သည် တရုတ်နိုင်ငံအနောက်ပိုင်း ပြည်နယ်များနှင့် အာဆီယံနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအတွက် တည်ဆောက်ထားသည့် အပြည်ပြည်ဆိုင်ရာ ကုန်း-‌ရေ နှစ်သွယ်ကုန်သွယ်ရေးလမ်းကြောင်းသစ်ဖြစ်သည်။ အဆိုပါလမ်းကြောင်းသည် ချုံချင့်ကို ဗဟိုပြု၍ တရုတ်နိုင်ငံအနောက်ပိုင်း ပြည်နယ်၊ဒေသ၊ မြို့များကို အဓိကထားကာ ရထားလမ်း၊ ပင်လယ်ရေကြောင်းလမ်း၊ ကားလမ်းစသည့် သယ်ယူပို့ဆောင်မှုပုံစံများဖြင့် တောင်ဘက် ကွမ်ရှီး၊ ယူနန် စသော ပင်လယ်ကမ်းရိုးတန်းနှင့်နယ်စပ်တစ်လျှောက်ဂိတ်များကို ဖြတ်သန်းပြီး ကမ္ဘာ့ဒေသအသီးသီးကို သွားရောက်ခြင်းဖြစ်ရာ အရှေ့ဘက်ဒေသများကို ဖြတ်သန်း၍ ပင်လယ်ထွက်ရသည့် ကြာချိန်ထက် များစွာ လျော့နည်းသက်သာစေသည်။

ချုံချင့်မြို့သည် အနောက်ဘက်ဒေသ ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ်၏ လုပ်ငန်းလည်ပတ်မှုအဖွဲ့အစည်းဗဟိုဖြစ်သည်။ ချုံချင့်သည် ယခုနှစ် ပထမသုံးလပတ်အတွင်း အနောက်ဘက်ဒေသ ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ်မှတစ်ဆင့် တန်ဖိုးယွမ်ငွေ ၄.၄ ဘီလီယံရှိ ကွန်တိန်နာ ၂၆,၀၀၀ လုံးပို့ဆောင်ခဲ့ရာ ကာလတူထက် ၁၈.၂ ရာခိုင်နှုန်းနှင့် ၂၃.၂ ရာခိုင်နှုန်း အသီးသီးတိုးတက်လာခဲ့ကြောင်း ချုံချင့်မြို့ဂိတ်နှင့်သယ်ယူပို့ဆောင်ရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး၊ ပြည်နယ်များ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ပူးတွဲအစည်းအဝေးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဟူဟုန်ပင်းက မိတ်ဆက်ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် တရားဝင်ဖွင့်လှစ်လည်ပတ်ချိန်မှစပြီး အနောက်ဘက်ဒေသ လမ်းကြောင်းသစ်၏ လည်ပတ်မှု အကျိုးဖြစ်ထွန်းခြင်းသည် တည်ငြိမ်စွာတိုးတက်လျက်ရှိကြောင်း ဟူဟုန်ပင်းက ပြောကြားခြ့သည်။ ချုံချင့်သည် အနောက်ဘက်လမ်းကြောင်းသစ်မှ ကုန်စည်သယ်ယူပို့ဆောင်မှု ပမာဏသည် ၂၀၁၇ ခုနှစ်တွင် ကွန်တိန်နာ ၃,၀၀၀ အောက်မှ ၂၀၂၁ ခုနှစ်တွင် ကွန်တိန်နာ ၁၁၂,၀၀၀ အထိတိုးမြင့်လာခဲ့သလို ကုန်ပစ္စည်းတန်ဖိုးမှာလည်း ယွမ် သန်း ၅၈၀ မှ ၁၈.၇ ဘီလီယံ အထိ တိုးလာခဲ့သည်။ ထို့ပြင် ကုန်ပစ္စည်းအမျိုးအစားသည်လည်း ၅၃ မျိုးမှ ၆၄၀ အထိ၊ ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်သည် နိုင်ငံနှင့် ဒေသပေါင်း ၃၅ ရှိ ဆိပ်ကမ်း ၅၈ ခုမှ နိုင်ငံနှင့်ဒေသပေါင်း ၁၀၇ ရှိ ဆိပ်ကမ်း ၃၁၅ အထိတိုးတက်ခဲ့ကြောင်း ၎င်းကဆိုသည်။

တရုတ်နိုင်ငံ၏ အနောက်ဘက်ဒေသ ကုန်း-ရေ နှစ်သွယ် လမ်းကြောင်းသစ် ဘက်စုံအစီအစဉ်အရ ချုံချင့်မြို့အစိုးရ ဂိတ်နှင့်သယ်ယူပို့ဆောင်ရေးရုံးသည် ပြီးခဲ့သည့်နှစ် မေလတွင် ပြည်နယ်များ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ပူးတွဲအစည်းအဝေးရုံးအနေဖြင့် အနောက်ဘက်ဒေသ ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ် ပထမအဆင့် ဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းကို ထုတ်ပြန်ခဲ့သည်။ ပထမအဆင့် ဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်းအရ လမ်းကြောင်းသစ်၏ အခြေခံအဆောက်အအုံ၊ ထောက်ပံ့ပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်မှု ပမာဏ စသည့်ကဏ္ဍတွင် ကောင်းမွန်စွာ လည်ပတ်နေသလို စက်မှုစုစည်းမှု၊ ကုန်ပစ္စည်း ဖွဲ့စည်းမှု စသည့်ကဏ္ဍတွင်လည်း အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုဆီသို့ လျှောက်လှမ်းနေကြောင်း ဟူဟုန်ပင်းက ပြောကြားခဲ့သည်။(Xinhua)