ယုံကြည်မှုချိုးဖောက်ခြင်းက မခံရက်နိုင်သော နောက်ဆက်တွဲအကျိုးဆက်ဒဏ် အမေရိကန်ခံရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ထိုင်ဝမ်အရေးနှင့်ပတ်သက်သည့်ပြောဆိုချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တုန့်ပြန်ပြောကြား

2022-04-28 19:24:28 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းအား ဧပြီ ၂၇ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

လူသန်းပေါင်း ၁၄၀၀ ရှိသော တရုတ်လူမျိုးများက နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက် ပြည်စုံမှုအား ကာကွယ်စောင့်ရှောက်မည့် ခိုင်မာသော သန္နိဌာန်နှင့် ကြီးမားသည့်စွမ်းရည်ကို လျှော့မတွက်ရန် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်အား သတိပေးလိုကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် ပြီးခဲ့သည့်ရက်ပိုင်း ထိုင်ဝမ်အရေးနှင့်စပ်လျဉ်းသည့် ပြောကြားချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ယုံကြည်မှုချိုးဖောက်ခြင်းက ထိုင်ဝမ်ကို အန္တရာယ်များသည့်အခြေအနေအဖြစ် တွန်းပို့နေသလို အမေရိကန်အတွက်လည်း မခံရက်နိုင်သော နောက်ဆက်တွဲအကျိုးဆက်ဒဏ်ခံရဖို့ ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “တရုတ်ပြည်မကြီး၏ မည်သို့သော ကျူးကျော်မှုအလားအလာမျိုးမဆို လိုအပ်သည့်နည်းလမ်းမှန်သမျှသုံးပြီး ထိုင်ဝမ်အတွက် အာမခံမှုရှိစေရန် အမေရိကန်အစိုးရက ဆုံးဖြတ်ထားကြောင်း၊ အဓိကအားဖြင့် အင်အားမမျှသည့်စွမ်းရည်ဖြည့်တင်းရေးအတွက် အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ဧပြီ ၂၆ ရက် လွှတ်တော်ကြားနာပွဲတွင် ပြောကြားခဲ့ပါတယ်။ ထို့အပေါ် ဘယ်လိုမှတ်ချက်ပြုလိုပါသလဲ”ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ထိုမေးမြန်းချက်အပေါ် ဝမ်ဝန်ပင်းက “နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ သဘောထားပြောဆိုချက်ကို ကျွန်တော်တို့အနေဖြင့် ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်းနှင့်ကန့်ကွက်ကြောင်း ပြောကြားလိုပါတယ်” ပြန်လည် ပြောကြားခဲ့သည်။
၁၉၇၉ ခုနှစ် တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေးထူထောင်ပြီးနောက်ပိုင်း ယခုအစိုးရအပါအဝင် အမေရိကန်အစိုးရအဆက်ဆက်က တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ကိုင်ထားကျင့်သုံးမည်ဟု အတိအလင်း ပြောကြားခဲ့ကြောင်း ၊ တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ကြေညာချက်နှင့် “ဩဂုတ် ၁၇” တရားဝင်ကြေညာချက်တွင် “အမေရိကန်ပြည်ထောင်စုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကို တရုတ်နိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်းနှင့် တရုတ်နိုင်ငံ၏ရပ်တည်ချက်ဖြစ်သည့် တရုတ်တစ်နိုင်ငံတည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်ကို အသိအမှတ်ပြုလက်ခံပါကြောင်း” အတိအလင်းဖော်ပြထားသလို တရုတ်-အမေရိကန် “ရှန်ဟိုင်းကြေညာချက်”တွင်လည်း ထိုင်ဝမ်ရေလက်ကြား ကမ်းနှစ်ဖက်က တရုတ်လူမျိုးအားလုံးသည် တရုတ်တစ်နိုင်ငံတည်းဟုမှတ်ယူရာ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏တစ်စိတ်တစ်ပိုင်း ဖြစ်သည်ကို အမေရိကန်အနေဖြင့် သိရှိပါကြောင်း ၊ အမေရိကန်အစိုးရအနေဖြင့် ထိုရပ်တည်ချက်အပေါ် အငြင်းပွားအဆိုပြုမည်မဟုတ်ကြောင်း ရည်ညွှန်းပါရှိပြီးဖြစ်သည်ဟု ဝမ်ဝန်ပင်းက အလေးထား ထောက်ပြ ပြောဆိုခဲ့သည်။

“ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခြင်းကြောင့် ပြည်မကြီးက ထိုင်ဝမ်ကို ‘ကျူးကျော်သည်’ဟူသော အဆိုက ဘယ်လိုရှိနိုင်မလဲ”ဟု ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။

အမေရိကန် ခေါင်းဆောင်များက “ထိုင်ဝမ်ခွဲထွက်ရေး”ကို မထောက်ခံကြောင်း ကြိမ်ဖန်များစွာ ပြောကြားခဲ့သည့် တစ်ချိန်တည်းပင် အမေရိကန်က ထိုင်ဝမ်သို့ လက်နက် ဆက်တိုက်ရောင်းချနေပြီး ထိုင်ဝမ်နှင့်တရားဝင်အဆက်အသွယ်လုပ်နေခြင်းက “ထိုင်ဝမ်ခွဲထွက်ရေး”အင်အားစုများအတွက် မှားယွင်းသည့် အချက်ပြမှု ဖြစ်စေကြောင်း ဝမ်ဝန်ပင်းက ဆိုသည်။

“ကျွန်တော်တိုအနေဖြင့် အမေရိကန်ကို သတိပေးလိုတာက တရုတ်နိုင်ငံပေါင်းစည်းရေး သမိုင်း အရှိန်အဟုန်သည် တားဆီး၍မရသလို တရုတ်တစ်နိုင်ငံတည်းမူဝါဒကသာ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေး၏အကြောင်းတရား ဖြစ်တယ်။ လူသန်းပေါင်း ၁၄၀၀ ရှိသော တရုတ်လူမျိုးများက နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက် ပြည်စုံမှုအား ကာကွယ်စောင့်ရှောက်မည့် ခိုင်မာသော သန္နိဋ္ဌာန်နှင့် ကြီးမားသည့်စွမ်းရည်ကို လျှော့မတွက်ရန်နှင့် ယုံကြည်မှုချိုးဖောက်ခြင်းက ထိုင်ဝမ်ကို အန္တရာယ်များသည့်အခြေအနေအဖြစ် တွန်းပို့နေသလို အမေရိကန်အတွက်လည်း မခံရက်နိုင်သော နောက်ဆက်တွဲအကျိုးဆက်ဒဏ်ခံရဖို့ ဖြစ်လာနိုင်တယ် ”ဟု ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။ (Xinhua)