COVID-19 ရောဂါဒဏ်သင့် ရှန်ဟိုင်းမြို့တွင် လုပ်ငန်းများ အဆင့်ဆင့်ပြန်လည်စတင်ခြင်း ဆောင်ရွက်မည်

2022-05-17 17:36:21 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ Jiading ခရိုင်ရှိ ကုန်ပဒေသာတိုက်၌ ပင်လယ်စာများ ဝယ်ယူနေသည့် ဒေသခံတစ်ဦးအား မေ ၉ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးအချက်အချာကျသည့် ရှန်ဟိုင်းမြို့သည် COVID-19 ရောဂါတားဆီးကာကွယ်ရန် အများနှင့်‌ရောနှောဆက်ဆံခြင်း မပြုသော သီးခြား စီမံခန့်ခွဲမှုဗျူဟာ ရက်သတ္တပတ်များ ပြီးနောက် မေ ၁၆ ရက်မှစ၍ ဈေးဝယ်စင်တာများ ၊ ဟင်းသီးဟင်းရွက်အရောင်းဆိုင်များ နှင့် ဆံပင်အလှပြင်ဆိုင်များကဲ့သို့သော လုပ်ငန်းများအား တစ်ဖြည်းဖြည်းချင်း ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ရှန်ဟိုင်းမြို့၏ ဒုတိယမြို့တော်ဝန်က မေ ၁၅ ရက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ရှန်ဟိုင်းမြို့သည် နေ့စဉ်မရှိမဖြစ်လိုအပ်ချက်များအား ထောက်ပံ့မှုသေချာစေရန် အရောင်းဆိုင်များ ဖွင့်လှစ်ခြင်း နှင့် ဝန်ထမ်းများ ပြန်လည်လုပ်ကိုင်ခြင်းတို့ကို တက်တက်ကြွကြွမြှင့်တင်ခဲ့ကြောင်း ဒုတိယမြို့တော်ဝန် Chen Tong က ပြောကြားခဲ့သည်။

ဈေးဝယ်စင်တာများ ၊ ကုန်ပဒေသာစတိုးဆိုင်ကြီးများ ၊ ကုန်ပဒေသာတိုက်များ ၊ အချိန်မရွေးဝယ်ယူနိုင်သည့် ကုန်မျိုးစုံဆိုင်များ နှင့် ဆေးဆိုင်များကဲ့သို့သော စီးပွားဖြစ်အရောင်းဆိုင်များသည် စနစ်တကျပုံစံဖြင့် ဆိုင်အတွင်း လုပ်ငန်းများ တစ်ဖြည်းဖြည်းချင်း ပြန်လည်စတင်သွားမည် ဖြစ်ပြီး ဟင်းသီးဟင်းရွက်အရောင်းဆိုင်များ နှင့် ဆံပင်အလှပြင်ဆိုင်များသည် အနည်းအကျဉ်းပမာဏဖြင့် on-site လုပ်ငန်းများ တစ်ဖြည်းဖြည်းချင်း ပြန်လည်စတင်သွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ရှန်ဟိုင်းမြို့၌ လုပ်ငန်းလည်ပတ်နေသည့် စီးပွားဖြစ်အရောင်းဆိုင်အရေအတွက်သည် အနိမ့်ဆုံးအမှတ် ၁,၄၀၀ အောက်မှ ၁၀,၆၂၅ အထိ တိုးလာခဲ့ပြီး နေ့စဉ်ပို့ဆောင်မှုအမှာစာများ ၅ သန်းအထိ ရှိလာကြောင်း ဒုတိယမြို့တော်ဝန်က ပြောကြားခဲ့သည်။

ရှန်ဟိုင်းမြို့သည် မေ ၁၄ ရက်တွင် COVID-19 ရောဂါပြည်တွင်းကူးစက်သူ ၁၆၆ ဦး နှင့် ရောဂါလက္ခဏာမပြကူးစက်ခံရသူ ၁,၂၀၃ ဦး ရှိကြောင်း သိရသည်။ (Xinhua)