မြောက်အတ္တလန္တိတ်သဘောတူစာချုပ်အဖွဲ့(NATO)တွင် ဖင်လန်နှင့်ဆွီဒင် ပါဝင်လိုခြင်းက ဒေသလုံခြုံရေးအန္တရာယ်အရှိန်အဟုန်မြင့်တက်နေမှု၏တွန်းအား ဖြစ်နေ

2022-05-20 18:14:50 |သတင်းအရင်းအမြစ် 新华网

မြောက်အတ္တလန္တိတ် သဘောတူစာချုပ်အဖွဲ့(NATO)တွင် ပါဝင်ရန် ဖင်လန်နှင့်ဆွီဒင်က ဆုံးဖြတ်သည့်အပေါ် ရုရှားသမ္မတ ပူတင်က ရုရှားနှင့် ဖင်လန်၊ ဆွီဒင်ကြားတွင် ပြဿနာမရှိခြင်းကြောင့် နေတိုးအဖွဲ့သို့ ၎င်းတို့ ပါဝင်ခြင်းက ရုရှားအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုမဖြစ်စေကြောင်း၊ သို့သော်လည်း နေတိုးစစ်ရေးအခြေခံအဆောက်အအုံများ ယင်းနှစ်နိုင်ငံသို့ တိုးချဲ့လာမှုကို ရုရှားက တုန့်ပြန်မည်ဖြစ်ကြောင်း မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။နေတိုးအဖွဲ့သို့ မြောက်ဥရောပနိုင်ငံများဖြစ်သည့် ဖင်လန်နှင့်ဆွီဒင် နှစ်နိုင်ငံ ပါဝင်ရန် လျှောက်ထားခြင်းက ရေရှည်လက်ကိုင်ကျင့်သုံးလာသည့် ဘက်မလိုက်ကြားနေမူဝါဒကို စွန့်လွှတ်လိုက်ခြင်းဖြစ်ကြောင်း သုံးသပ်သူအချို့က ဆိုသည်။ နေတိုးအဖွဲ့အနေဖြင့် ယင်းနိုင်ငံ နှစ်နိုင်ငံအား လက်ခံလိုက်မည် ဆိုလျှင် ရုရှားနှင့်ထိပ်တိုက်ရင်ဆိုင်မှု ပို၍ဆိုးဝါးစေပြီး ဒေသတွင်း လုံခြုံရေးအန္တရာယ် ပိုများစေရာ ဥရောပတိုက်လုံခြုံရေးအခြေအနေကို ပို၍ရှုပ်ထွေးစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြောက်အတ္တလန္တိတ် သဘောတူစာချုပ်အဖွဲ့(NATO)တွင် ပါဝင်ရန် လျှောက်ထားဖို့ ဆုံးဖြတ်

မြောက်အတ္တလန္တိတ် သဘောတူစာချုပ်အဖွဲ့(NATO)တွင် ပါဝင်ရန် လျှောက်ထားမည် ဖြစ်ကြောင်း ၊ ၎င်းမှာ ခေတ်သစ်ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း ဖင်လန်နိုင်ငံ သမ္မတ Sauli Niinistöက မေ ၁၅ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်ကို ဖင်လန်လွှတ်တော်က မေ ၁၇ ရက်တွင် အတည်ပြုခဲ့ရာ နေတိုးအဖွဲ့တွင် ပါဝင်ရန်လျှောက်ထားမှု လုပ်ငန်းစဉ် တစ်ဆင့်ရှေ့တိုးလာသည်။

ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီမြို့တွင် ဖင်လန်နိုင်ငံ သမ္မတ Sauli Niinistöနှင့် ဝန်ကြီးချုပ်Sanna Marin ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည်ကို မေ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆွီဒင်လွှတ်တော်က မေ ၁၆ ရက်တွင် အထူးဆွေးနွေးပွဲ ကျင်းပခဲ့ရာ ပါတီ ၈ ခုအနက် ပါတီ ၆ ခုက နေတိုးအဖွဲ့ဝင်လျှောက်ထားရေး သဘောတူညီခဲ့သည်။ ထို့နောက်မကြာမီ ဆွီဒင်ဝန်ကြီးချုပ်Magdalena Andersson သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ဆွီဒင်အစိုးရအနေဖြင့် နေတိုးအဖွဲ့ဝင်လျှောက်ထားရန် ဆုံးဖြတ်လိုက်ပြီး လာမည့် ရက်ပိုင်းအတွင်း ဖင်လန်နှင့်အတူ လျှောက်ထားမှုပြုလုပ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ နေတိုးအဖွဲ့ဝင် တရားဝင်ဖြစ်ရေးအတွက် ၁ နှစ်ကြာမြင့်မည်ဟု Anderssonက ခန့်မှန်းထားသည်။

တူရကီနိုင်ငံ အန်ကာရာမြို့တွင် တူရကီနိုင်ငံသမ္မတ အာဒိုဂန်သည် လာရောက်လည်ပတ်သော အယ်လ်ဂျီးရီးယားနိုင်ငံသမ္မတTebbouneအား ကြိုဆိုနေသည်ကို မေ ၁၆ ရက်က တွေ့ဆုံစဉ်(ဆင်ဟွာ)

လုပ်ထုံးလုပ်နည်းများအရ နေတိုးသည် အဖွဲ့ဝင် နိုင်ငံ ၃၀ တစ်ပြေးညီ သဘောတူညီမှသာ အဖွဲ့ဝင်သစ်လက်ခံနိုင်မည် ဖြစ်သည်။ အမေရိကန်၊ ဗြိတိန် စသည့် နိုင်ငံများက ဖင်လန်နှင့်ဆွီဒင်ကို နေတိုးအဖွဲ့တွင်ပါဝင်ရန် အစွမ်းကုန် စည်းရုံးထားသည်။ အကယ်၍ နေတိုးအဖွဲ့ဝင်လျှောက်ထားရန် ဖင်လန်နှင့်ဆွီဒင်ဆုံးဖြတ်လိုက်ပါက ၎င်းတို့သည် အဖွဲ့ဝင်အနေဖြင့် နေတိုး၏ဘုံလုံခြုံရေးကို အားဖြည့်နိုင်မည် ဖြစ်ကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က မေ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ဖင်လန်နှင့်ဆွီဒင်တို့သည် ဗြိတိန်မှ လုံခြုံရေးအထောက်အပံ့ပေးရန် စာလွှာကို မေ ၁၁ ရက်က ရရှိခဲ့ရာ ကပ်ဘေးဒဏ် သို့မဟုတ် တိုက်ခိုက်ခံရချိန်တွင် နည်းလမ်းအသွယ်သွယ်ဖြင့် အပြန်အလှန် ကူညီပံ့ပိုးပေးမည်ဖြစ်ပြီး ၎င်းတို့တွင် စစ်ရေးနည်းလမ်းလည်း ပါဝင်နိုင်ကြောင်း ကတိပြုမှုကို ရရှိခဲ့သည်။ ဆွီဒင် က နေတိုးအဖွဲ့ဝင်ဖြစ်ရန် စောင့်ဆိုင်းသည့် ကာလအတွင်း “လုံခြုံရေးအာမခံ”ပေးရန်အတွက် အမေရိကန်က အသင့်ပြင်ထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Ann Lindeက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် ယခုလဆန်းပိုင်း တွေ့ဆုံမှုအပြီးတွင် ပြောကြားလိုက်သည်။

ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ပေါ်လာ

ဖင်လန်နိုင်ငံနှင့်ဆွီဒင်နိုင်ငံကို ရုရှားနှင့် အနောက်နိုင်ငံများကြား ပြေလျော့ရေးဇုန်အဖြစ် ကာလကြာရှည် ယူဆထားကြသည်။ စစ်အေးတိုက်ပွဲပြီးနောက် ယင်းနှစ်နိုင်ငံကို အဖွဲ့ဝင်အဖြစ် နေတိုးက ကြိမ်ပေါင်းများစွာ ဖိတ်ခေါ်ခဲ့ဖူးသော်လည်း ငြင်းပယ်ခြင်း ခံခဲ့ရသည်။ ယခုအကြိမ်တွင် ဖင်လန်နှင့်ဆွီဒင်တို့က ရေရှည်ကျင့်သုံးသော ဘက်မလိုက်ကြားနေ မူဝါဒကို စွန့်လွှတ်လိုက်ခြင်းက ယင်းနှစ်နိုင်ငံ ပြည်တွင်း၌ သံသယနှင့်ဆန့်ကျင်သံများ ထွက်ပေါ်လာခဲ့သည်။

ဖင်လန်နိုင်ငံသည် နေတိုးအဖွဲ့ဝင်ဖြစ်ပြီး မည်သူကိုမျှ မဦးတည်သော်လည်း နေတိုးအဖွဲ့ဝင်ဖြစ်ခြင်းက ဒေသတွင်းတင်းမာမှုအခြေအနေကို တစ်ဆင့်တိုး ပို၍ ဆိုးဝါးစေမည် ဖြစ်ကြောင်း ဖင်လန်နိုင်ငံ ပညာရေးဝန်ကြီး၊လက်ဝဲမဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ Li Anderssonက မေ ၁၂ ရက် တွင် ဘလော့ခ်၌ဆောင်းပါးရေးသား ဖော်ပြခဲ့သည်။

နေတိုးအဖွဲ့ဝင်လျှောက်ထားရန် ဆုံးဖြတ်သည့်နေ့တွင်ပင် ဖင်လန်နှင်ဆွီဒင် နိုင်ငံအတွင်း ထိုဆုံးဖြတ်ချက်ကို ဆန့်ကျင်ဆန္ဒပြမှုအချို့ ဖြစ်ပွားခဲ့သည်။

ဂျာမနီအခြေစိုက် နေတိုးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သော အမေရိကန် ဗိုလ်မှူးကြီး Daniel Davidက နေတိုးအဖွဲ့တွင် ဆွီဒင်ပါဝင်ရန် အကြောင်းမရှိကြောင်းနှင့် ကြားနေရပ်တည်မှုကို ဆက်လက် ကျင့်သုံးသင့်ကြောင်း ယခုရက်ပိုင်း ဆွီဒင် ရုပ်မြင်သံကြား၏ မေးမြန်းမှုတွင် ပြောကြားခဲ့သည်။

“ဆွီဒင် ကျူးကျော်ခံရမယ့် အန္တရာယ်လက္ခဏာ မရှိပါဘူး။ နေတိုးအဖွဲ့ဝင်ဖြစ်လာခြင်းက အန္တရာယ်တိုးလာစေတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် နေတိုးအဖွဲ့အတွင်းတွင်လည်း ဖင်လန်နှင့်ဆွီဒင် နေတိုးအဖွဲ့ဝင်ဖြစ်ရေး ဆန့်ကျင်သံ ရှိခဲ့သည်။ တူရကီသမ္မတ အာဒိုဂန်က ဖင်လန်နှင့်ဆွီဒင် နေတိုးအဖွဲ့ဝင်ဖြစ်ရန်အစီအစဉ်တွင် တူရကီအနေဖြင့် တက်ကြွစွာ ရပ်တည်ပေးနိုင်မည်မဟုတ်ကြောင်း မေ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ယင်းနှစ်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်ရေး တူရကီက သဘောတူမည်မဟုတ်ကြောင်း မေ ၁၆ ရက်တွင် ၎င်းက ထပ်မံအလေးထား ပြောကြားခဲ့သည်။

လုံခြုံရေးအန္တရာယ် ထပ်တိုးလာ

ဖင်လန်နှင့်ဆွီဒင် နေတိုးအဖွဲ့ဝင်ပြီးနောက် ရုရှားနှင့်နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ကုန်းမြေနယ်စပ်လမ်းကြောင်းက တစ်ဆနီးပါးထပ်တိုးသွားမည် ဖြစ်ရာ ဘောလ်တစ်ပင်လယ်သည် “နေတိုးအဖွဲ့တွင်း ပင်လယ်”ဖြစ်စေကြောင်း၊ ဘောလ်တစ်ပင်လယ်ဒေသနှင့် အာတိတ်ဒေသတွင် ရုရှားသည် နေတိုးအဖွဲ့ဝင်နိုင်ငံများ ဝိုင်းပိတ်သည့်အနေအထားတွင် ရှိနေမည်ဖြစ်ကြောင်း သုံးသပ်သူအချို့က ထောက်ပြသည်။
မူလက ရှုပ်ထွေးလှုပ်ခတ်နေသည့် ဒေသတွင်းအခြေအနေသည် ပို၍မသေချာမရေရာမှုများနှင့် ကြုံလာနိုင်ရာ ဒေသတွင်းလုံခြုံရေးအန္တရာယ်တိုးလာစေကြောင်း ဆိုသည်။

နေတိုးစစ်ရေးအခြေခံအဆောက်အအုံများ ယင်းနှစ်နိုင်ငံတွင် တိုးချဲ့လာခြင်းကို ရုရှားက တုန့်ပြန်မည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့(CSTO) ထိပ်သီးအစည်းအဝေးသို့ မေ ၁၆ ရက်တွင် ကရင်မလင်နန်းတော်မှ တက်ရောက်စဉ် ပြောကြားခဲ့သည်။

”တုန့်ပြန်ပုံအသေးစိတ်က ရုရှားအပေါ် ဖြစ်ပွားသည့် ခြိမ်းခြောက်မှုပေါ်တွင် မူတည်တယ်”ဟု ပူတင်က အလေးထားပြောကြားခဲ့သည်။

နေတိုးချဲ့ထွင်ခြင်းသည် အမေရိကန် သံတမန်ရေးအကျိုးအမြတ်အတွက် တမင်ဖန်တီးသည့် ပြဿနာဖြစ်ရာ နေတိုးက နိုင်ငံတစ်နိုင်ငံ၏ သံတမန်ရေးမူဝါဒ အသုံးချလက်ကိုင်တုတ် ဖြစ်သွားပြီး နိုင်ငံတကာလုံခြုံရေးအခြေအနေကို ဆိုးဝါးလာစေကြောင်း ဆိုသည်။

ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkovက နေတိုးအဖွဲ့တွင် ဖင်လန်နှင့်ဆွီဒင် ပါဝင်ရန် ဆုံးဖြတ်ခြင်းသည် သက်ရောက်မှုနက်ရှိုင်းပြီး ဆိုးဝါးသော မှားယွင်းမှုတစ်ခု ဖြစ်ကြောင်း မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ထိုလုပ်ဆောင်ချက်က နှစ်နိုင်ငံလုံခြုံရေးကို ထပ်တိုးစေမည်မဟုတ်ဘဲ စစ်ရေးတင်းမာမှုကို ပို၍ဆိုးဝါးစေပြီး ဒေသတွင်းအခြေအနေ၏ရေရာမှုကို လျော့နည်းစေကြောင်း ဆိုသည်။

ရုရှားနိုင်ငံ ထင်ရှားသော စစ်ရေးပညာရှင် Alexei Leonkovက နေတိုးအဖွဲ့တွင် ဖင်လန်နိုင်ငံ ပါဝင်လိုက်မည်ဆိုလျှင် နေတိုးနှင့်ရုရှား၏ကုန်းမြေနယ်စပ်လမ်းကြောင်းက ကျယ်ပြန့်လာမည် ဖြစ်ကြောင်း ဆိုသည်။ ၎င်းမှာ ဖင်လန်ပင်လယ်ကွေ့ အရှေ့စွန်းရှိ ရုရှား ဒုတိယ မြို့ကြီးဖြစ်သော စိန့်ပီတာစဘတ်ကို ခြိမ်းခြောက်မှု ဖြစ်စေသလို ရုရှားကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ရှိ ဖင်လန်ပင်လယ်ကွေ့ကိုလည်း ခြိမ်းခြောက်မှုဖြစ်စေကြောင်း ၊ ရုရှားအနေဖြင့် ၎င်း၏ အနောက်ပိုင်းစစ်ဒေသ ကာကွယ်ရေးစနစ်များကို ပြန်လည် စိစစ်ပြီး မဟာဗျူဟာမြောက် နျူကလီးယားအင်အားစု၏ပစ်မှတ်သတ်မှတ်ချက်ကို ပြောင်းလဲလာနိုင်ကြောင်း ပြောကြားခဲ့သည်။

စစ်ရေးမဟာမိတ်ဖွဲ့ခြင်းက ဥရောပကို ပို၍လုံခြုံစေမည် မဟုတ်ဘဲ စစ်ရေးတင်းမာသည့်အခြေအနေ တစ်ဆင့်တိုး အရှိန်မြင့်တက်လာစေကြောင်း ၊ ဖင်လန်နိုင်ငံ၏ လုံခြုံရေးအာမခံမှုရှိစေမည့် အဓိက နည်းလမ်းသည် သံတမန်ရေးမူဝါဒနှင့်သံတမန်ရေး လှုပ်ရှားမှုဖြစ်ကြောင်း ၊ အမေရိကန် ဦးဆောင်သော စစ်ရေးမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခြင်းက ဖင်လန်နိုင်ငံ၏လှုပ်ရှားနိုင်မှုကို ကျဉ်းမြောင်းစေကြောင်း၊ နေတိုးတွင် အဖွဲ့ဝင်သစ်လက်ခံခြင်းက ကမ္ဘာကို ကွဲလွဲစေသည့် စစ်ရေးအရ ပိုင်းခြားမှုဖြစ်စေရာ လိုအပ်သည့်ဆွေးနွေးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများအတွက် အခြေအနေ ရှုပ်ထွေးစေကြောင်း အစိုးရအဖွဲ့အစည်းမဟုတ်သော ဖင်လန်နိုင်ငံ ငြိမ်းချမ်းရေးကောင်စီက မေ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံ HSE University ဥရောပနှင့်နိုင်ငံတကာ သုတေသနဌာန ဒုတိယညွှန်ကြားရေးမှူး Dmitry Suslovက နေတိုးအဖွဲ့တွင် ဖင်လန်နှင်ဆွီဒင်ပါဝင်ခြင်းက အာတိတ်ဒေသလုံခြုံရေးကိုလည်း အနုတ်လက္ခဏာသက်ရောက်မှုရှိစေရာ အာတိတ်ဒေသစစ်ရေးသွင်ပြောင်းမှု ဖြစ်စေကြောင်း ဆိုသည်။ (Xinhua)