
2022-05-24 19:54:33 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ကုလသမဂ္ဂ အာရှ-ပစိဖိတ် စီးပွားရေးနှင့်လူမှုရေးကော်မရှင် (၇၈) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား ၌အမှာစကားပြောကြားစဉ်(ဓါတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် )

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကုလသမဂ္ဂ (UN) အာရှ-ပစိဖိတ် စီးပွားရေးနှင့်လူမှုရေးကော်မရှင် (ESCAP) ၇၈ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ မေ ၂၃ ရက်က ကွမ်ကျိုးမြို့မှ ဗွီဒီယိုဖြင့် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
လွန်ခဲ့သော ၇၅ နှစ်က ကုလသမဂ္ဂ (UN) အာရှ-ပစိဖိတ် စီးပွားရေးနှင့်လူမှုရေးကော်မရှင် (ESCAP)သည် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် စတင်ခဲ့ရာ ၇၅ နှစ်ကြာပြီးနောက် ယနေ့တွင် အာရှ-ပစိဖိတ်သည် သမိုင်း၏လမ်းဆုံလမ်းခွသို့ ထပ်မံရောက်ရှိနေကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

အာရှ-ပစိဖိတ်၏ ငြိမ်းချမ်းရေးနှင့်သာယာဝပျောရေးသည် ဤဒေသ၏ကံကြမ္မာနှင့်သက်ဆိုင်ရုံသာမက ကမ္ဘာ့အနာဂတ်နှင့် ပို၍ပင် ဆက်စပ်လျက်ရှိကြောင်း၊ သမိုင်းကို သင်ခန်းစာယူ၍ ဆုံးဖြတ်ချက်ခိုင်မာရဲဝံ့စွာ တိုးတက်အောင် လက်ချင်းတွဲ၍ အာရှ-ပစိဖိတ်၏ ကံကြမ္မာတူ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ကာ အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု၏ ဂုဏ်ကျက်သရေသစ်ကို ထပ်မံဖန်တီးကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင်-

ပထမဦးစွာ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ခိုင်မာစွာ ထိန်းသိမ်းစောင့်ရှောက်ပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ရည်ရွယ်ချက်နှင့်အခြေခံမူများကို ခိုင်မာစွာ ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ မည်သည့် စစ်ရေးအစုအဖွဲ့နှင့် အုပ်စုခွဲဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုများကို အာရှ-ပစိဖိတ်၌ ဖြစ်ပွားစေရန် ကြိုးပမ်းမှုမှန်သမျှကို အတိအလင်းပြတ်သားစွာ ငြင်းပယ်ရမည် ဖြစ်ကြောင်း

ဒုတိယအနေဖြင့် စိတ်တူကိုယ်တူ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အာရှ-ပစိဖိတ်ဒေသ လွတ်လပ်သောကုန်သွယ်ရေးဇုန် တည်ဆောက်ရေးကို တွန်းအားပေး၍ တံခါးဖွင့် ပွင့်လင်းသော အာရှ-ပစိဖိတ် စီးပွါးရေးနှင့်ကမ္ဘာ့စီးပွါးရေးကို တည်ဆောက်ကာ ကမ္ဘာစီးပွားရေး ပြန်လည် ရှင်သန် တိုးတက်လာရေးအတွက် “အာရှ-ပစိဖိတ် အခွင့်အလမ်း”များကို ဆောင်ကြဉ်းကြရမည် ဖြစ်ကြောင်း။

တတိယအနေဖြင့် အားသာချက်များဖြင့် အပြန်အလှန်ဖြည့်ဆည်းပေး၍ ပူးပေါင်းဆောင်ရွက်မှု ဘုံအကျိုးစီးပွားကို ဖော်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒ ချိန်ဆက်မှုကို အားဖြည့်ခြင်း၊ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ခြင်းဖြင့် ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်တက်ရေး အစီအစဉ် အကောင်အထည်ဖော်ရေးအတွက် အာရှ-ပစိဖိတ် အကျိုးထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ်တွင် ဆက်လက် တည်ရှိရပ်တည်နေမည်ဖြစ်ကာ အာရှ-ပစိဖိတ်၏အကျိုးကို ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ၊ လက်တွေ့ဆောင်ရွက်မှုဖြင့် အာရှ-ပစိဖိတ်၏ ရေရှည်တည်ငြိမ်အေးချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို၍ကြီးမားသော အကျိုးကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ်၏ ငြိမ်းချမ်းရေးကို ခိုင်မာစွာ ကာကွယ်သွားမည် ဖြစ်သလို အာရှ-ပစိဖိတ် ဖွံ့ဖြိုးတိုးတက်ရေးကို ခိုင်မာစွာ မြှင့်တင်ပေးသွားမည် ဖြစ်ကြောင်း၊ အာရှ-ပစိဖိတ်၏ပူးပေါင်းဆောင်ရွက်မှုတွင် ခိုင်မာစွာ ပါဝင်သွားမည် ဖြစ်သလို ကုလသမဂ္ဂ(UN)အာရှ-ပစိဖိတ် စီးပွားရေးနှင့်လူမှုရေးကော်မရှင် (ESCAP)၏လုပ်ငန်းများကို ခိုင်မာစွာ ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရန်အတွက် အာရှ-ပစိဖိတ် စီးပွားရေးနှင့်လူမှုရေးကော်မရှင် (ESCAP)၏ ပိုမိုကောင်းမွန်သော အခန်းကဏ္ဍမှ ပါဝင်မှုကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ (Xinhua)