တိမ်ဖုံးလွှမ်းနေသော တူလွန်မြစ်ကြီးကို တွေ့ရစဉ်။ ဆင်ဟွာသတင်းဌာနမှ ဂျောင့်ဖူဖန်က ဓာတ်ပုံရိုက်သည်။
ယခုနှစ် နိုင်ငံတော်အမျိုးသားနေ့ နောက်ပိုင်း ကောင်းကျန့်လျင်သည် အလုပ်အင်မတန်များပါသည်။ အင်တာဗျူးသည့်နေ့တွင် သူသည် ခရီးသည်များနှင့် မိမိပိုင်သော တည်းခိုခန်းသို့ ညပိုင်းမှသာ ပြန်ရောက်လာပါသည်။ ဧည့်သည်များကို ညစာစီစဉ်ပေးပြီးမှ ထမင်းစားချိန် အနည်းငယ် ရတော့သည်။
ကောင်းကျန့်လျင်သည် ယူနန်ပြည်နယ် ကုန့်ဆန်း တူလွန်လူမျိုးနှင့် နုလူမျိုး တိုင်းရင်းသားလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် တူလွန်ကျန်းကျေးရွာအုပ်စု ပါးဖိုးရွာ၏ ရွာသားဖြစ်ပါသည်။ ယခုမှာ သူသည် “ပါးဖိုးရွာတည်းခိုခန်း”၏ ပိုင်ရှင်လည်း ဖြစ်ပါသည်။ “တူလွန်ကျန်းကျေးရွာအုပ်စုကို ခရီးသွားလုပ်ငန်း ပြန်လည်ခွင့်ပြုပြီးနောက် ခရီးသည် များသထက် များလာပါတယ်။ ခရီးသည်များကို ကြိုပို့လုပ်နေရတာကြောင့် များသောအားဖြင့် မနက်စောစော အိပ်ရာထပြီး ညဥ့်နက်ချိန်ကျမှ အိပ်ရာဝင်ရတယ်။”ဟု ကောင်းကျန့်လျင်သည် ခရီးသည်များကို စီစဉ်ပေးစရာများကို ဆောင်ရွက်ပြီးနောက် မီးလှုံမြေတွင်းအနီးတွင်ထိုင်လျက် သတင်းထောက်နှင့် စကားပြောပါသည်။
ကောင်းကျန့်လျင်၏ ဇာတိဖြစ်သော တူလွန်ကျန်းကျေးရွာအုပ်စုသည် ယူနန်နှင့် တိဗက်၏လမ်းဆုံတွင် တည်ရှိပြီး တူလွန်လူမျိုးများ၏ အခြေချနေထိုင်ရာအရပ် ဖြစ်ပါသည်။ ဤနေရာတွင် ဆီးနှင်းတောင်တန်းများ အလွန်ထူထပ်ပြီး တောင်တန်းမြင့်မား၍ ချိုင့်ဝှမ်းများ နက်ရှိုင်းပါသည်။ အတိတ်ကာလက နှစ်စဉ် နှစ်ဝက်ခန့်မှာ ဆီးနှင်းကြောင့် တောင်ပေါ်လမ်းများ ပိတ်ဆို့ဖုံးလွှမ်းနေပါသည်။ “ထွက်လို့လည်းမရဘူး၊ ဝင်လည်းဝင်လို့မရပဲ ကမ္ဘာလောကကြီးနဲ့ ဝေးကွာနေရတယ်။ ”ဟု ကောင်းကျန့်လျင်သည် အကူအညီမဲ့နေသည့် တောင်ပေါ်လမ်းပိတ်သောကာလကို တမ်းတရေရွတ်နေသည်။